စခန်းတနေရာ ( အပိုင်း ၂ )

စခန်းတနေရာ

အပိုင်း ( ၂ )




“ ကျုပ်တော့ ဘယ်လိုမှ သတိမထားမိပါဘူးလေ ၊ အလျင်က စားတာနဲ့ အခုနဲ့ အတူတူလို့ ပဲ ထင်မိတာပဲ ၊ ကျုပ်ကလူတမျိုးဗျ ၊ အစားကိုနည်းနည်းပဲစားတယ် ၊ ဒါပေမယ့် ညတိုင်းပဲ တကယ့်ညစာစားပွဲပုံစံအတိုင်း ခင်းကျင်းနိုင်ရမယ်လို့  ညွန်ကြားထားတယ် ၊ ဒီတော့ စဖိုမှူးလဲ အလေ့အကျင့် မပျက်တော့ဘူး ၊ စားပွဲထိုး သူငယ်ကလေးအတွက်လဲ စည်းကမ်း ကောင်းကောင်း စောင့်ထိန်းမိလျက်သား ဖြစ်သွားရော “


စကားဝိုင်းမှာ မနည်းအရှိန်ယူကာ ပြောနေကြရသည်။ မစ္စတာ ၀ါဗာတန်သည် ဧည့်သည်ကို အထူးပင် ဖော်ရွေစွာ ဆက်ဆံသည် ။ သူ့ ဧည့်သည်မှာ အနည်းငယ် စိတ်ကသိကအောက် ဖြစ်လာသည်ကို တွေ့  ရလျှင် နည်းနည်းတော့ ကျေနပ်အားရ ဖြစ်မိသည် ။ သူ့ တွင် မ စ္ဆရိယ စိတ်အနည်းငယ်ဝင် နေမှန်း သူ့  ကိုယ်သူသိသည် ။ ကူးပါးတယောက် ဆမ်ဗူလူသို့  ရောက်သည်မှာ မကြာသေး ။ သို့ ဖြစ်ရာ ကွာလာ ဆိုလိုတွင် ရှိနေသည့် သူ၏ မိတ်ဆွေများအကြောင်း မေးမြန်းပြောဆို၍ အားရသွာပြီ ။ မေးစရာလည်း မရှိတော့ပြီ ။ ပြောစရာ စကားလည်းကုန်သလောက်ရှိ သွားပြီ ။ သို့ သော် ၀ါဗန်တန်က စကားဆက် ပြန်သည် ။

“ ဒါနဲ့ မေးစမ်းပါရစေဦး ၊ ဟင်နာလေ ဆိုတဲ့လူငယ်လေး တယောက် မတွေ့ မိဘူးလား ၊ အင်္ဂလန် ကထွက်လာတာ မကြာသေးဘူး လို့ ပြောတာပဲ ၊ ဟုတ်မယ်ထင်ပါရဲ့  “


“ သြော် .. ဟင်နာလေ ဆိုတာလား ၊ သူက ပုလိပ်ဘက်မှာခင်ဗျာ ၊ အလကား လူရှော်လေးပါဗျာ “


“ ဟုတ်လား ၊ ညံမယ် ရှော်မယ်တော့ကျုပ်မထင်မိဘူး ၊ သူ့ ဦးလေးက ကျုပ်မိတ်ဆွေ လော့ဗာ ရက် လောင်းပဲ ၊ တနေ့ ကပဲ လေဒီဗာရက်လောင်း ဆီကစာတစောင် ရသေးတယ် ၊ သူ့ တူကို ကြည့် ရှု စောင့်ရှောက်လိုက်ပါတဲ့ ”


“ ဟုတ်တယ် ၊ သူဟာ တစုံတယောက်နဲ့  ဆွေမျိုးတော်တယ်ဆိုတာ တော့ ကျွန်တော်ကြားဖူးတယ် ၊ ဒါကြောင့် ဒီအလုပ်ကို သူရတာ ဖြစ်မှာပဲ ၊ သူက အီတန်ကျောင်းတော်ကြီးနဲ့  အောက်စဖို့ တက္ကသိုလ် မှာ ကျောင်းနေဖူးတယ်လေ ၊ အဲဒီအကြောင်း ကိုလဲ ခင်ဗျားကို ပြောဖို့ မေ့မှာ မဟုတ်ဘူးနဲ့  တူပါရဲ့ ”


“ ခင်ဗျားစကား ကြားရတာ အံ့သြစရာပဲ ၊ သူတို့ ဆွေမျိုးတသိုက်က အီတန်နဲ့ အောက်စဖို့ တက္ကသိုလ် ကျောင်းထွက်ချည်းပဲ ၊ လွန်ခဲ့တဲ့ အနှစ်တရာလောက်ကတည်းက အောက်စဖို့ မှာခြေချ ခဲ့ကြတာ ၊ အောက်စဖို့ ထွက်ဆိုတာ သူ့ အဖို့ အထူးဂုဏ်ယူစရာ မလိုပါဘူး “


“ ကျွန်တော့် စိတ်အထင်တော့ ဒီလူဟာ လူပေါ့ကြော့ဗျ “

“ နေပါအုံး ၊ ခင်ဗျားက ဘယ်ကျောင်းထွက်လဲ “

“ ကျွန်တော့်ကို ဗာဗေးဒိုး မှာမွေးတယ် ၊ အဲဒီမှာပဲ ပညာသင်ခဲ့တယ်လေ “

“ သြော် .. ဒီလိုကိုး .. “


ကူးပါး၏ အဖြေကို ကြားရလျှင် မစ္စတာ ၀ါဗာတန်သည် သဘောပေါက်သွားဟန် ပြလိုက်သည် ။ ထိုအခါ ကူးပါးမျက်နှာမှာ နီရဲသွားသည် ။ ခဏတာမျှ စကားစပြတ်သွားကြသည် ။


ထို့ နောက် ၀ါဗာတန် ကစကားဆက်သည် ။


“ ကွာလာဆိုလိုက စာနှစ်စောင် သုံးစောင်လောက် ရပါတယ် ၊ ကျုပ်အလိုအရ တော့ ဟင်နလေဟာ ကွာလာဆိုလိုမှာ အောင်မြင်နေထယ် ထင်တာပဲ ၊ သူငယ်လေးက တကယ့်အားကစားသမားပဲ “


“ ဟုတ်ပါတယ် ၊ သူဟာ သိပ်ထင်ပေါ် ကျော်ကြား လူသိများနေတာ မှန်ပါတယ် ၊ ကွာလာဆိုလိုမှာ သူ တို့ လိုလူငယ်လေးတွေ ရေပန်းစား လူကြိုက်များ နေတာအမှန်ပဲ ၊ ကျွန်တော့် သဘောကတော့ ထိပ် တန်း အားကစားသမားဟာ ဘာများအသုံးကျမှာ တဲ့လဲ ၊ ဂေါက်သီးကစား တော်တာရယ် ၊ တင်းနစ် ကစား ကောင်းတာရယ်ဟာ ရေရှည်ကျတော့ ဘာများအသုံး ကျလို့ လဲ ၊ ဘိလိယက် ထိုးတဲ့အခါ တ ချက် တည်းနဲ့  ခုနှစ်ဆယ့် ငါးမှတ်ရအောင် ထိုးနိုင်တဲ့ လူကို ဘယ်မှာသုံးမလဲ ၊ ဘယ်သူက အရေး စိုက် ရမှာလဲ ၊ ခက်တာက အင်္ဂလန်မှာ အဲဒီလို အရည်အသွေး တွေကို အခုတလော သိပ်စာဖွဲ့ ပြီး အသိ အမှတ်ပြုနေကြတယ် “


“ ခင်ဗျားက ဒီလိုထင်တယ်နော် ၊ ကျုပ်သဘောက တော့ခင်ဗျားနဲ့ မတူဘူး ၊ ထိပ်တန်းအား ကစား သမား တယောက်ဟာ စစ်ထဲက ပြန်လာတဲ့အခါ သူများထက် အထိအခိုက် အရှအန အပွန်အပဲ့ နည်း တာတော့အမှန်ပဲ “


“ သြော်.. စစ်တိုက်တဲ့ အကြောင်း ပြောနေတာလား ၊ အဲဒီစစ်တိုက်တာနဲ့  ပတ်သက်ယင်လဲ ကျွန်တော် ပြောနိုင်တာတွေ ရှိတာပဲ ၊ ဟင်နာလေနဲ့  ကျွန်တော်က တပ်ရင်းတခုတည်းမှာ အတူတူပဲ ၊ စစ်သား တွေ အားလုံးက သူ့ ကိုအထင်မကြီးကြပါဘူး ဗျာ ၊ ကျွန်တော် ပြောရဲပါတယ် “


“ ခင်ဗျားဘယ်လိုသိသလဲ “


“အထင်မကြီး တဲ့အထဲမှာ ကျွန်တော် တယောက် ပါလို့ ပေါ့ဗျ “


“ သြော် .. ခင်ဗျား အရာရှိ မဖြစ်ခဲ့ ဘူးနဲ့ တူတယ် “


“ ကျွန်တော်အဖို့  အရာရှိ ဖြစ်ဖို့ ဆိုတာ မလွယ်ပါဘူးဗျာ ၊ ကျွန်တော်က ကိုလိုနီလို့ သူတို့ သတ်မှတ် ခေါ် ဝေါ်ကြတဲ့ ဆီကမဟုတ်လား ၊ အီတန်တို့  ၊ အောက်စဖို့ တို့ မှာ ကျောင်းနေဖူးတာလဲ မဟုတ် ၊ သြဇာတိက္ကမ ရှိတဲ့ အဆက်အသွယ်မျိုးကလဲ မရှိ ၊ ဒီတော့ တချိန်လုံး စစ်သားအကြပ်ပဲ ဖြစ်

နေတာပေါ့ “


ကူးပါးသည် မျက်မှောင်ကြုတ်ထား သည် ။ စိတ်ကိုထိန်းထားနိုင် ဟန်မတူ ။ ဒေါသထွက်လာကာ လွန် လွန်ကျွံကျွံ ပြောဆိုလာမိသည်။ မစ္စတာ ၀ါဗာတန်သည် သူ့ စကား သူ့ အမူအရာ တို့ ကိုစောင့်ကြည့် နေသည် ။ သူ၏ သူငယ်အိမ် ပြာပြာ မျက်လုံးတစုံသည် တဖြည်းဖြည်း ကျဉ်းလာသည် ။ မှေးလာသည် ။ ထိုအခိုက် အတန့် မှာပင် ကူးပါးကို ဘယ်လိုလူလဲဟု သတ်မှတ် အကဲဖြတ်ပြီး နေပြီ ။ ထို့ နောက် အ ခြား အကြောင်းအရာ များသို့ ပြောင်းကာ ဆက်လက် ပြောဆိုကြသည် ။ ကူးပါးလုပ် ကိုင်ရမည့် လုပ်ငန်းအခြေအနေကို ပြောပြသည် ။ သို့ နှင့် ဆယ်နာရီ ထိုး သွားသည် ။


“ ကဲ .. ခင်ဗျားကို ကျုပ်တားမထားတော့ဘူး ၊ တနေလုံးလဲ ခရီး ပန်းလားတယ် မဟုတ်လား “


သူတို့ နှစ်ယောက် လက်ဆွဲ နှုတ်ဆက်ကြသည် ။


“ သြော် … တခုပြောမလို့  ၊ ကျွန်တော်အတွက် ခိုင်းစရာသူငယ်လေး တယောက် ရှာပေးနိုင်မလားလို့  ၊ နဂိုက ကျွန်တော်တပည့် ကောင်လေးက လိုက်မလားတော့ဘူး ၊ ကွာလာဆိုလိုက ထွက်ခါနီးမှာ ကျွန်တော်ပစ္စည်း တွေသဗ္ဗန်ပေါ် တင်ပေးပြီး ပျောက်သွားတယ် ၊ ထွက်လာသည် အထိ ပေါ်မလားဘူး “


“ ကျုပ် စားပွဲထိုးမှူး ကိုမေးကြည့်မယ်လေ ၊ တယောက်ယောက် တော့ရှာပေးနိုင်ပါလိမ့်မယ် “


“ ကောင်းပြီလေ ၊ တွေ့ ယင် ကျွန်တော်ဆီ ခေါ်ခဲ့ပေစေပေါ့ ၊ စိတ်ကြိုက်တွေ့ ယင် ခေါ်ပြီး

ခိုင်မယ်လေ “


အပြင်ဖက်တွင် လသာနေသည် ။ အပြန်လမ်းအတွက် မီးအိမ်မလို ။ သို့ ဖြစ်ရာ ကူးပါးသည် သူ့  ဗိုလ်ရုံသို့  လမ်းလျှောက် ပြန်သွားလေသည် ။


အင်း .. ငါ့ဆီလွန်ဖို့ လူရှားတယ်နဲ့ တူတယ် ၊ ဘာသဘောနဲ့ များ ဒီလိုလူကို ပို့ လိုက်တယ် မသိပါဘူး ၊ မစ္စတာ ၀ါဗာတန်သည် တကိုယ်တည်း ညည်းမိသည်။ ဒီလိုလူ ပို့ လို့ အလကားပဲ ။ ဘာအသုံး ကျမှာတဲ့လဲ ။


ဝါဗာတန်သည် ပန်ခြံထဲတွင် လမ်းလျှောက်နေသည် ။ သူနေသည့် အိမ်မှာ ခံတပ်အဆောက်အအုံ ဖြစ် သည် ။ ယင်းကို တောင်ကုန်း ကလေးထိပ် ၌ဆောက်ထားသည် ။ ပန်းခြံမှ ဆက်လျှောက်လျှင် မြစ် ကမ်းနဲဘေး သို့ ရောက်သွားသည် ။ ကမ်းထိပ်တွင် ပန်းရုံများရှိသည် ။ ညစာစားပြီး လျှင်ဤ ပန်း ရုံ ဘေး သို့ ရောက်လာကာ ဆေးပြင်လိပ် တလိပ်ဖွာယင်း အေးအေးလူလူ အပန်းဖြေလေ့ ရှိသည် ။ အောက်ဘက်တွင် မြစ်ပြင်သည် တသွင်သွင် စီးဆင်းနေသည် ။ မြစ်ယံထက်ဆီမှာ အသံဗလံ များကို သူကြားရတတ်သည် ။ ယင်းတို့ ကို နားထောင်လေ့ရှိသည် ။ မလေးအမျိုးသား အချင်းချင်း ပြောကြ ဆိုကြ ရင်ဖွင့်ကြသည့် စကားများကို သူကြားရသည် ။ လူသိ ရှင်ကြား မပြောရဲသည့် စကားတို့ ကိုလူ ခြေတိတ်မှ သူတို့ ချင်း ဖွင့်ဟပြောဆိုကြ ခြင်းဖြစ်သည် ။ လူသိ ရှင်ကြားဆိုသည်မှာ သူတို့ လို အုပ်ချုပ် သူများ နားသို့ မပေါက်သည့် စကားမျိုး ဖြစ်သည် ။ ရုံးပြင်ကနားတွင် သူမသိနိုင်သည့် အကြောင်းခြင်း ရာတခုကို တခါတရံ ကြားရသိရသည် ။ သူတို့ ၏မကျေနပ်ချက်များ ၊ တိုင်တောလိုချက်များ သည် အ ချင်းချင်း ပြောကြသည့်အခါ ပွင့်ထွက်လာကြတတ် သည် ။ သူအဖို့ ကား အထူး ထောက်လှမ်း နေစရာ မလိုပဲ ရလာသည့်သတင်းမျိုး ဖြစ်သဖြင့် အကျိုးရှိသည် ။


ဝါဗာတန်သည် ကြိမ်ကုလားထိုင်တွင် အေးအေးလူလူ ထိုင်သည် ။ ထိုခဏမှာပင် ကူးပါးအကြောင်း သည် သူ့ ခေါင်းထဲသို့  ၀င်လာပြန်သည် ။

ကူးပါး ၊ တော်တော် ဣဿာ မစ္ဆရိယ ကြီးတဲ့ကောင် ။ အမျိုးက ညံ့သေးတယ် ။ မာန်မာန ယစ်မူးတယ် ။ ကိုယ်ကျိုးစီးပွားပဲ ကြည့်တတ်တယ် ။ မိုက်မဲတယ် ။

ဝါဗာတန် စိတ်ထဲမှာ ခိုးလိုး ခုလု ဖြစ်နေသည် ။ သို့ သော် တိတ်ဆိတ်သာယာသည့် ဤညချမ်း ၊ လ ရည် ရွှမ်း မြသည့် ဤညချမ်း၏ သာယာခြင်းကြောင့် စိတ်မချမ်းမြေ့ ဖြစ်ရခြင်းတို့ သည် ပြေပျောက် သွား သည် ။ ပန်းခြံအ၀င် ရှိပန်းရုံမှ ညမွှေးပန်းရနံ သည် ကြိုင်လှိုင်နေသည် ။ ဆွတ်ပျံ့သာမောဖွယ် ည ပါတကား ။ ညသည် လုချင်တိုင်း လှနေသည် ။ ပိုးစုန်းကြူးတို့ သည် အရောင်တဖြတ်ဖြတ် လက်ကာ ငွေမျှင် တန်းလျက် လူးလာပျံသန်းနေကြသည် ။ လရောင်သည် မြစ်ပြင်တခုလုံးကို ဖြန့် ကြက်ပက် ဖျန်း ထားသည် ။ လှိုင်းဂယက် ကလေးများသည် ငွေရောင်တဖိတ်ဖိတ် လက်နေသည် ။ မြစ်၏ ဟိုတဘက်ကမ်း အုန်ပင် များ၏ အရိပ်မည်းမည်းကို ကောင်းကင် နောက်ခံ၌ မြင်နေရသည်။ လေဝှေ့လျှင် အုန်းလက်တို့ လှုပ်ယမ်းသဖြင့် လရောင်တွင် တဖြတ်ဖြတ် အရောင်လက် နေသည်။ မစ္စတာ ဝါဗာတန်၏ စိတ်သည် အေးချမ်းသာယာလျက် ရှိသည်။ ငြိမ်းချမ်းခြင်း၊ ငြိမ်းချမ်းခြင်းကြောင့် ဇောကင်းသည့် ပီတိစိတ်တခု ဖြစ်ပေါ်လာသည်။


ဝါဗာတန်သည် ထူးဆန်းသည့် သတ္တဝါ တယောက် ဖြစ်သည်။ သူ့ဘဝဖြစ်စဉ်မှာ ထူးခြားသည်။ သူ့အသက် နှစ်ဆယ့်တနှစ်တွင် ပေါင်တသိန်း အမွေရလိုက်သည်။ ယင်းမှာ အတော်ကလေးများသည့် ငွေ ဖြစ်သည်။ သို့နှင့် အောက်စဖို့ တက္ကသိုလ်မှ ထွက်သည့်အခါ ဆွေကြီးမျိုးကြီးတို့၏ အမျိုးကောင်း သားသမီး လူငယ်လူရွယ်များ နည်းတူ ပျော်ရွှင်ချမ်းမြေ့သည့် ဘဝ၌ ကျင်လည်ခဲ့သည်။ ( ယခု သူ့အသက်မှာ ငါးဆယ်ပြည့်ပြီူး လေးနှစ်စွန်းလာပြီ။ )


ထိုစဉ်ကဆိုလျှင် လန်ဒန်မြို့ မောင့်လမ်းတွင် သူပိုင် အိမ်ခန်းတခု ရှိသည်။ နှစ်ဘီးတပ် ကိုယ်ပိုင်မြင်းရ ထားတခု ဝယ်ထားသည်။ အမဲလိုက်ရာတွင်တွင် တည်းခိုနားနေစရာ အိမ်တလုံးကို အမဲပစ်သည့် ဝါးဗစ်ရှိုင်းယားဒေသ ၌ ဆောက်လုပ်ထားသည်။ ထိုအချိန်ကမူ ထင်ပေါ်ကျော်ကြားသည့် ပွဲလမ်းများ ၊ နေရာဒေသများ ၊ သို့ သူရောက်သည်။ ဝါဗာတန်မှာ အသက်ကလည်း ငယ်ရွယ်သုဖြစ်ရာ ရုပ်ရည်ပြေ ပြစ်တင့်တယ်သည်။ နုပျိုသည်။ ပျော်တတ်သည်။ သဘောသက္ကာယ ကောင်းသည်။ သို့ဖြစ်ရာ ၁၈၉၀ ကျော် ကာလတွင် လန်ဒန်မျက်နှာကြီး လောက၌ လူသိများသူ ဖြစ်လာသည်။ ထိုအချိန်ကမူ လန်ဒန် လူ့မလိုင်အလွှာသည် လမ်းပေါ်ကလူတွေနှင့် မရောနှောပဲ တသီးတသန့် စည်းဝိုင်းကလေးထဲမှာ တည်နေဆဲ ဖြစ်သည်။ အရှိန်အဝါကလည်း ကြီးမြင့်ဆဲဖြစ်သည်။

အင်္ဂလိပ်အထက်တန်းလောကကို သွက်သွက်ခါအောင် လှုပ်ခါပစ်လိုက်သည့် ဘိုးဝါးစစ်ကလည်း မရောက်လာသေး။ ထိုစစ်မျိုးဖြစ်လိမ့် မည်ဟု အင်္ဂလိပ်တွေက စိတ်ကူးထဲမှာပင် မထည့်ကြ။ အင်္ဂလိပ် လူကုံတန်လောက၏ စည်းစိမ် အဝဝ ကို ကစဥ့်ကလျား ဖြစ်သွားအောင် မွှေ့ယမ်းပစ်မည့် ကမ္ဘာစစ်ကြီး ဖြစ်တော့မည် ဆိုသည်မှာလည်း အဆိုးမြင်ဝါဒီတို့၏ ဟောကိန်းအဖြစ်သာ ရှိနေသေးသည်။


ထိုကာလတွင် လူချမ်းသာဖြစ်ရသည်မှာ အလွန်ပျော်စရာကောင်းသည်။ထိုဘဝကို လူတိုင်းလိုလို တောင့်တကြသည်။ မစ္စတာ ဝါဗာတန်၏ အိမ်တွင်ပွဲလမ်းဖိတ်စာများ ပါတီပွဲဖိတ်စာများသည် ဧည့်ခန်း ဆောင် မီးလင်ဖိုထိပ်ထက်၌ အစီအရီ ခင်းကျင်းထားလေသည်။ ထိုဖိတ်စာတို့ကို ခင်းကျင်းပြသထား ရသဖြင့် ကျေနပ်နှစ်သက်သည်။ သူ့ဧည့်ခန်းဆောင်၏ ကျက်သရေဆောင် အဆင်တန်ဆာများဟု ဂုဏ်ယူသည်။

သူ့ရပ်တည်ချက်ကလည်း သိသာထင်ရှားသည်။ သူသည် လူကုံတန်လောကကို အထင်ကြီးသည် ။ လူချမ်းသာနှင့်ပေါင်းသင်းရသည်ကို ကျေနပ်သည်။ ဘွဲ့ထူးဂုဏ်ထူးပိုင်ရှင်တို့နှင့် ရောနှော ဆက်ဆံ ချင်သည်။ သူ့ကို မျက်နှာကြီး လိုက်သူဟု ပြောရမည်လား၊ သို့တည်းမဟုတ် ဘဝင်မြင့်သူဟု ပြောရ မည်လား ၊ ဘယ်လိုပြောရမည်လဲ၊ သူလုပ်ချင်သည်ကိုမူ ရဲရဲ လုပ်သည်။ မျက်နှာကြီးတို့က ဝါဗာတန် တယောက် ငါတို့ကို အတင်းဝင်ပြီး ရောနေပါလားဟု ပြောမည်ကို တွေးမိပြီး ရှက်စိတ်ကြောက်စိတ် ဝင်ကာ ရွံ့ရွံ့တွန့်တွန့် ဖြစ်သွားမည့် သူမျိုးမဟုတ်။ သူသည် ရိုးရိုးသားသားပင် မျက်နှာကြီးတို့နှင့် ပေါင်းသင်းချင်သူ ဖြစ်လေသည်။ သို့သော်သူသည် မျက်နှာကြီးနိုင်ငံရေးသမားတို့နှင့် သိကျွမ်းရ အောင် အဆက်အသွယ်ရှာသူမဟုတ်။ ထို့အတူ နံမည်ကြီး ရုပ်ရှင်မင်းသားမင်းသမီး၊ နာမည်ကျော် စာရေးဆရာတို့နှင့် အသိဖြစ်ရန် နည်းလမ်းရှာနေသူလည်း မဟုတ် ။ သို့ဖြစ်ရာ မျက်နှာကြီးတို့ မျက်စိ နောက်ခံရသူမျိုးလည်း မဟုတ် ။

သူ၏ ပင်ကိုယ်စရိုက်ကိုကပင် “လော့ဒ်“ ဟူသော ဘွဲ့ထူးဂုဏ်ထူးရှင် မူးမျိုးမတ်နွယ်တို့ကို ရိုးရိုးသားသား နှစ်သက်မြတ်နိုးသူ ဖြစ်လေသည် ။

သို့သော် ဝါဗာတန်သည် စိတ်ဆတ်သည်။ အသားထိလျှင် မချိအောင်နာတတ်သူ ဖြစ်သည်။ ကြက်ခေါင်းဆိတ်မခံ ပြန်ခွပ်တတ်သူဖြစ်သည်။ သို့တိုင်အောင် သူ့မှာ ရိုးရိုးလူတွေ၏ အမြှောက် အပင့် မခံရပဲ မျက်နှာကြီးအချို့၏ အဖက်မလုပ်ချင်သည့် အဖြစ်ကိုသာ ခံရလေသည်။ သူကောင်းပြု စာရင်း၌ သူ့အမည်ကို မထင်မရှားဖော်ပြထားသည်။ သူကောင်းမျိုးများနှင့် ဘယ်သို့ဆွေမျိုးစပ်ပုံကို သူကိုယ်တိုင် ပြောပြတတ်သည်။

သို့သော်လည်း သူ သုံးနိုင်ဖြုန်းနိုင်အောင် အမွေထားခဲ့သည့် လီဗာပူ ကုန်သည်မျိုးရိုးထဲက အမေ့ဖက်က တော်စပ်သည့် မစ္စဂစ်ဗွန်ဆိုသူနှင့်မူ ဆွေမျိုးစပ်မပြ ၊ အက်စကော့ မြင်းပွဲမှာ ဖြစ်စေ ၊ကောင့်ကျွန်းရှိ လှေလှော်ရွက်တိုက်ပွဲမှာ ဖြစ်စေ၊ အခြားမင်းပွဲစိုးပွဲ တခုခုမှာဖြစ်စေ ၊ မြို့စားကတော် တယောက်ယောက် သို့မဟုတ် မဟာဆီမဟာသွေးတယောက်ယောက်နှင့် စကားဝိုင်း ဖွဲ့ ပြောဆိုဆက်ဆံ လှုပ်ရှားနေသည့် အခါ စောစောက သူအရေးမလုပ်ခဲ့သည့် လီဗာပူ ကုန်သည်ထဲ က သူ့ဆွေမျိုးတို့သည် ဝါဗာတန်နှင့်ဘယ်လိုတော်စပ်ကြောင်း ဆွေမျိုးစပ်တတ်ကြသည်။ ထိုအခါ သူ့မှာ တုန်တုန်လှုပ်လှုပ်ဖြစ်ရသည်။


ဤသည်တို့မှာ သူ့ဖက်က အားနည်းချက်များဖြစ်သည်။

မျက်နှာကြီးမှ အဖက် လုပ်တတ်သူဟု ကျော် ကြားစ ပြုလာသော်လည်း သူ့ဖက်က အပေးအကန်း အသုံးအဖြုံး ရက်ရော သဖြင့် သူ့အတင်း မပြော တော့ပြီ။ သူလေးစားသူထဲက အချို့ကမူ သူ့ကို ပျက်ရယ်ပြုချင်ကြသည်။ သူ့အပြုအမူကို လှောင်ပြောင်ရယ်မောကြသည်။

သို့တိုင်အောင် ဝါဗာတန်သည် ရိုးရိုးသားသားပင် သူတို့ကို ခင်တွယ် သူဟုနားလည် လက်ခံကြသည်။

သနားစရာ့ ဝါဗာတန်ပေတည်း။

သူသည် ဂုဏ်မက်သူမှန်သည်။ သို့ငြားလည်း သူသည်လူကောင်းတယောက် ဖြစ်လေသည်။ ဆွေကြီးမျိုးကြီး ဖြူပြာကျခါနီး ဒုက္ခရောက် သည့် အခါမျိုးတွင် ဝါဗာတန်သည် ပေးကမ်းထောက်ပံ့ရန် ဝန်မလေး။ ကြွေးပူသဖြင့် ကြွေးရှင်ကို ရှောင်နေသည့်အခါမျိုးတွင် သူနှင့်တွေ့လျှင် ပေါင်တရာလောက် ပေးဘို့ လက်မနှေး။


ဝါဗာတန်သည် ခန်းနားသည့် ထမင်းစားပွဲများ တည်ခင်းကျွေးမွေးခဲ့သူဖြစ်သည်။ ဝှက်ဖဲကိုလည်း စွဲစွဲလမ်းလမ်းကစားသည်။ သို့သော်မကျွမ်းကျင် ၊ ရှုံးသည်သာများသည်။ ဝိုင်းတော်သားကောင်း ကောင်းနှင့် ကစားရလျှင်မည်မျှ ရှုံးစေ သူသည်အပြုံးမပျက် ။အရှုံးကို အပြုံးနှင့် ရင်ဆိုင်တတ်သည်။ လောင်းကစားကို ဝါသနာထုံသည်။ တဝိုင်းတွင် ပေါင်ငါးရာလောက် ရှုံးသည့်တိုင် စိတ်မပျက်။ ထိုအဖြစ်ကို မြင်ရလျှင် သူ့ကို မချီးကျူးပဲ မနေနိုင်ကြ။ ဘွဲ့ထူးဂုဏ်ထူး တပ်မက်သည့် နည်းတူ ဖဲကစားရာမှာလည်း အလွန်လောဘကြီးသည်။ ဤသည်တို့မှာ သူ့အဖို့ ပျက်စီးစေသည့် အကြောင်း တရားများဖြစ်လေသည်။

အနေအထိုင်လည်း ကြီးကျယ်ခန်းနားသည်။ လောင်းကစားရာတွင်လည်း အရှုံးများလာသည်။ သို့တိုင် အောင် အားမရသေး။ မြင်းပွဲမှာ အကြီးအကျယ်လောင်းသည်။ ထို့နောက် စတော့ရှယ်ယာဈေး ဝင်ကစားသည်။ သူ့စရိုက်မှာ ရိုးသားသည်။ ထိုအခါသူ့ကို ညာစားသူတွေပေါ်လာသည် ။ သူ့ကွယ်ရာ မှာ သူ့အကြောင်းပြောကာ ရယ်မောကြသလား မသိ ။ သို့သော်လည်း ငွေနှင့်ပတ်သက်၍ ဂရုမစိုက် သည့် သူ့စရိုက်သည် ပို၍ ပီပြင်လာသည်မှာကား သေချာသည်။ သို့ဖြစ်ရာ ဝါဗာတန်သည် ငွေတိုးချ စားသူများနှင့် ရောထွေးယှက်တင်ဖြစ်လာသည်။ အသက် (၃၄)နှစ်တွင်မူ သူ့ဘဝမှာ ပျက်စီးဆုံးရှုံး ကာ လုံးပါးပါးလေတော့သည်။


ရရာအလုပ်မလုပ်ချင်သော သူ့အတန်းအစားစရိုက်ကြောင့် အလုပ်အကိုင် ရွေးမရဖြစ်ရသည်။ ဘာလုပ် ရမည်ဟု ဝေခွဲမရဖြစ်ရသည် ။ သူတို့လို လူမျိုး ချွတ်ခြုံကျပြီဆိုလျှင် နေမဝင်သည့် ဗြိတိသျှ အင်ပါရာ လက်အောက်ရှိ ကိုလိုနီများသို့ လွှင့်ပြေးတတ်ကြလေသည်။

ဝါဗာတန်သည် ကြုံရသည့် သူ့အဖြစ်ကို လည်းကောင်း၊ကံဆိုးသည့် သူ့ဘဝကိုလည်းကောင်း နောင်တရကာ ငိုကြွေးမနေ ငြီးငြူမနေ ။ မည်သူ့ ကိုမျှလည်း မတိုင်တည်။ သူ့အကြွေးတွေ ပြန်ရအောင် မည့်သည့် သြဇာကိုမျှလည်း မသုံး ။ သူက ပေး စရာရှိသည့် အကြွေးကိုမူ အကျေ ပေးဆပ်သည်။ (ဤတွင် လီဗာပူ ကုန်သည်မျိုးရိုးဘက်က ပါလာ သည့် သွေးက စကားပြောသည်ကိုမူ သူသတိထားမိဟန်မတူ ။) ပြီးတော့ သူ ဘယ်သူ့ဆီကမျှ အကူအညီ မတောင်းခံ ။


တသက်နှင့်တကိုယ် ဘယ်တုန်းကမျှ လက်ကြောတင်းအောင် မလုပ်ခဲ့ဘူး ။ သူသည် စိတ်တိုင်းကျ အလုပ်တခုရရန် လိုက်လံရှာဖွေရသည့် အဖြစ်နှင့်ကြုံလာသည်။ သို့တိုင်အောင် ဝါဗာတန်သည် စိတ် ဓာတ်မကျ ။ ရယ်ရယ်မောမောပင် ကံပစ်ချရာဘဝကို ခံယူသည်။ခါတိုင်းလိုပင် ပျော်ပျော် ရွှင် ရွှင် နေသည်။ ဘာမှမဖြစ်သလို လောကကို ရင်ဆိုင်သည်။ သူ့အတွက်မည်သူမျှ စိတ်ဒုက္ခ မရောက်စေချင် ။သူ ဆင်းရဲသွားသဖြင့် အပေါင်းအသင်းများ စိတ်မချမ်းမသာ ဖြစ်မည်ကို သူ မလိုလား။ မစ္စတာ ဝါဗာတန်သည် ဂုဏ်မက်သူ မျက်နှာကြီးလိုက်သူမှန်သည်။

သို့သော် သူသည် တကယ့် အင်္ဂလိပ်လူကြီးလူကောင်းတယောက် ဖြစ်လေသည်။


သူ့ ဘက်က အများဆုံးတောင်းခံ သည်မှာ ထောက်ခံချက် ကောင်းကောင်းပင် ဖြစ်လေသည် ။ ထိုအချိန်တွင် မလေးကျွန်းဆွယ်ရှိ ဆမ်ဗူလူ ပြည်နယ်၏ စူလတန်စော်ဘွားသည် ကူညီ စောင်မနိုင်သည့် နေရာတွင် ရောက်နေရာ ၀ါဗာတန် ကို သူ့ ပြည်နယ်၌ ရာထူးတခု တွင်ခန့် ထားလိုက်သည် ။ မလေးကျွန်းဆွယ်သို့  မသွားမီ တညတွင် ၀ါဗာတန်သည် ကလပ်တွင် နောက်ဆုံးညစာကို စားလေသည် ။


“ ခင်ဗျား နိုင်ငံခြား သွားတော့မယ် သတင်းကြားတယ် ၀ါဗာတန် “


ဟားဖို့ မြို့ုစားကြီး ကမေးသည် ။

“ ဟုတ်တယ် ၊ ကျွန်တော် ဗိုညိုကျွန်း ကိုသွားမယ် “


“ ဘုရားရေ ၊ ဘာကိစ္စလဲ “


“ အလုပ် ရအောင်ပေါ့ခင်ဗျာ ၊ ကျွန်တော် ဆင်းရဲ သွားပြီခင်ဗျာ “


“ ဟုတ်လား ၊ ၀မ်းနည်းပါတယ် ၀ါဗာတန် ၊ ဘယ်တော့ပြန်လာမလဲ ၊ ပြန်ရောက်တော့ တွေ့ ကြသေးတာပေါ့ ၊ အဆင်ပြေပါစေ လို့ မျှော်လင့်ပါတယ် “


“ အဆင်ပြေမှာကတော့ သေချာပါတယ် မြို့ စားကြီး ၊ အမဲပစ်ဖို့ အခွင့်ကောင်း တွေအများကြီး ကြုံရမှာ ခင်ဗျာ “


ဟားဖို့ မြို့ စားကြီးသည် ခေါင်းတဆတ်ဆတ် ညိတ်ကာ ထွက်သွားသည် ။ ထို့ နောက် နာရီအနည်းငယ် အကြာတွင် ၀ါဗာတန်သည် သဘောင်္ပေါ်မှနေ၍ မြူနှင်းတွေအကြားတွင် ရေးရေးမျှသာမြင်ရသော အင်္ဂလန် ကမ်းခြေကို ကြည့်နေလေသည် ။

သူ့ အဖို့  ဘ၀တခုကို မြူနှင်းတွေ အကြားက အင်္ဂလန်တွင် ချန်ထားခဲ့ပြီ ။ ထိုအတိတ်သည် ပြည်ဖုံးကား တခုချခဲ့ပြီ ။ ဘ၀ကဏ္ဍတခုခြားခဲ့ပြီ ။


ယခုမူ အနှစ် နှစ်ဆယ် ကုန်လွန်ခဲ့ပြီ ။ ထိုကာလအတွင်း ၀ါဗာတန် သည် အင်္ဂလန်နှင့် စာအဆက် မပြတ်ခဲ့ ။ မိတ်ဆွေဟောင်းများ ဖြစ်သည့် မြို့ စားကတော်ကြီးများ ၊ မှူးမတ်ကတော်ကြီးများထံ စာ ရေးဆက်သွယ်ခဲ့သည် ။ သူ့ စာများကို ဖတ်ရသည့် မြို့ စားကတော် ၊ မှူးမတ်ကတော်တို့ မှာ ပျော် ရွင်ကြည်နူးကြရသည် ။ ဗိုလ်ညိုကျွန်း သို့ ရောက်နေသည့် တိုင်ဝါဗာတန်သည် မဟာဆီ မဟာ သွေး တို့ ကိုမမေ့ ။ ( သူ့ ဆီသို့ ခြောက်ပတ် ရှိမှ ရောက်သည့် ) တိုင်းသတင်းစာ ကိုမှန်မှန်ဖတ်သည် ။ ဘယ်မြို့ စားကတော်ကြီး ဘယ်ပွဲလမ်းတက်သည် ၊ ဘယ်တိုင်းပြည်သို့  အလည်အပတ်သွားသည် စသည့်သတင်း တို့ ကို စိတ်ဝင်စားစွာ ဖတ်သည် ။ ပြီးတော့ သာရေး နာရေး ကိစ္စကိုလည်း စေ့စေ့စပ်စပ် ဖတ်သည် ။ ပြီးမှ ၀မ်းသာ ၀မ်းနည်း ကြောင်းစာ မှန်မှန် ရေးသည် ။ ရှပ်စုံ ဂျာနယ်များတို့ တွင် မြိုးစားကြီးများ ၊ မြိုးစားကတော်ကြီးများ ၏သတင်းရုပ်ပုံများ ဖော်ပြထားသည်ကို တွေ့ ရသည့် အခါ သူ့ မိတ်ဆွေများ ၀လာသည် ၊ ပိန်သွားသည် ၊ အလှတွေ တိုးနေသည် စသဖြင့် အကဲခတ်လို့ ရသည် ။ ၀မ်းသာကျေနပ် သည် ။ အခါအားလျှော်စွာ ခွင့်ယူ၍ အမိမြေ အင်္ဂလန်သို့ ပြန်သည့်အခါ သံယောဇဉ် အမျှင်ကလေးများသည် ပြတ်သည်မရှိပဲ သံယောဇဉ်ကြိုး တို့ သည် တထုံးပြီး တထုံး ရစ်နှောင်လာခဲ့သည် ။ သို့ ဖြစ်ရာ ၀ါဗာတန် အဖို့ အင်္ဂလန်၏ နောက်ဆုံးသတင်းကို မပြတ်မလပ် သိနေရသည် ။ ပြန်လည် အောက်မေ့ လွမ်းဆွတ်လာသည် ။ သို့ သော် သည်ထက်ပို၍ မတက်နိုင် တော့ပြီ ။


ယခုမူ သူ့ ဘ၀သည် တမျိုးပြောင်းလဲနေပြီ ။ လူတွေက သူ့ ကို အောက်ကျို့ ရသည့်ဘ၀သို့  ရောက်နေပြီ ။ ယခင်လို ကြီးကျယ်သူတွေ၏ အပြုံးကို ကိုယ်ကငံ့လင့် နေရသည့်ဘ၀ မဟုတ်တော့ပဲ ကိုယ်ကိုယ်တိုင် ဘ၀၏ အရှင်သခင် ဖြစ်လာပြီ ။ သူ့ စကားတခွန်းသည် ဥပဒေ ပုဒ်မတခု ဖြစ်လာသည့် အခြေအနေသို့  ပြောင်းလဲလာပြီ ။

သူသွားလာသည့် အခါ ဒယက်စစ်သားတို့ က သေနပ်မြှောက် အလေးပြုကြသည် ။ ဤဘ၀ကို ကျေနပ်နှစ်သက်သည် ။ တရားခွင်တွင် ထိုင်ကာ အဆုံးအဖြတ်ပေးရသည့် ဘ၀ကိုလည်း နှစ်သက်သည် ။ ဘ၀တူတို့ မှာ သူ့ စီရင်ချက်ကို နာခံနေကြရပြီ ။ တိုင်းရင်းသား နယ်ရှင် ပယ်ရှင် အချင်းချင်း ရန်ဖြစ်ကြသည့်အခါ သူကကြားဝင်စေ့စပ် ဖြေရှင်းပေးရသည် ။ ဤသည်ကိုလည်းသူ့ ကျေနပ်သည် ။ဗိုလ်ညိုကျွန်း လူမရောက်သည့် ဒေသတို့ တွင် ခေါင်းဖြတ်သူ လူရိုင်းတို့ က အုပ်ချုပ်ရေးအာဏာစက်ကို ထိပါးကာ လူယဉ်ကျေးတို့ ကို ခေါင်းဖြတ်ခြင်းဖြင့် ဒုက္ခပေးတတ်သည် ။ထိုအခါ အုပ်ချုပ်ရေးမှူး ၀ါဗာတန်၏ တန်ခိုးအာဏာဖြင့် ငြိမ်ဝပ်ပိပြားစေသည် ။ ခေါင်းဖြတ်သူ လူရိုင်းများဒေသ သို့ သွားရဲသည့် သူ့ သတ္တိကို ဒေသခံတို့ က ချီးကျူးကြသည် ။ တခါကမူ သစ်တပ် ကာရံ ထားသည့် ရွာကြီး တရွာသို့  ၀င်ကာ လူသတ်သမား ပင်လယ်ဒမြတို့ ကို လက်နက်ချရန် အမိန့် ပေးခဲ့ ဘူးသည် ။ ထိုစွန့် စားခန်းမှာ နားတောင်ရသူတို့ ကို ပါးစပ်အဟောင်းသား ဖြစ်စေသည့် ဇာတ်လမ်းမျိုး ဖြစ်သည် ။ သွေးအေးအေး နှင့် စွန့် စားဝံ့သည့် သူ့ သတ္တိကို ချီးကျူးကြလေသည် ။


ဤသို့ ဖြင့် မစ္စတာ ၀ါဗာတန်သည် အတွေ့ အကြုံ ရှိသော အုပ်ချုပ်ရေးသမားကောင်းတယောက် ဖြစ်လာသည် ။ သူ၏ အုပ်ချုပ်ပုံကို လူတိုင်းက လေးစားကြသည် ။ အဂတိ မလိုက်စား ။ တင်းကျပ် သည် ။ တရားမျှတသည် ။ ပြီးတော့ အုပ်ချုပ်ရေးမှူး ၀ါဗာတန်သည် ရိုးသားသည် ။ သူနှင့်ပတ်သက် လာ လျှင် ရပ်ရွာက ဤသို့ ခံယူထားသည် ။


ဤသို့ ဖြင့်ကာလ အတန်ကြာလာသည့်အခါ သူသည် မလေးလူမျိုးတို့ကို နှစ်နှစ်ကာကာ ချစ်ခင် နှစ် သက်လာသည်။ သူတို့၏ ဓလေ့ထုံးစံတို့ကို မြတ်နိုးလာသည်။ သူတို့နှင့် စကားပြောရလျှင် မမောနိုင် မပန်းနိုင်ပဲ ပြောလို့ရလာသည်။ သူတို့ ပြောသည့်စကားတို့ကို နှစ်သက်လက်ခံလို့ ရလာသည်။ သူတို့၏ ကောင်းမှု မကောင်းမှုကို ခွဲခြားတတ်ကာ သူတို့၏ ကောင်းမှုကို လေးစားတတ်ပြီး မကောင်းမှုကို နားလည် စက်ဆုတ်လို့ ရလာသည်။

“ ကျုပ်တို့ငယ်ငယ်တုန်းက အင်္ဂလိပ် လူကြီးလူကောင်းဆိုတဲ့ တကယ့် ဒေါင်ဒေါင်မြည် လူကောင်း တွေနဲ့ ပေါင်းသင်း ဆက်ဆံခဲ့ဘူးတယ်၊ သူတော်ကောင်းတရားဆိုတာ ပြည့်ပြည့်ဝဝ နားလည်ခဲ့တယ် ၊ ဒါပေမဲ့ အခုမလေးမိတ်ဆွေ တချို့ကို တွေ့ရတော့မှ လောကမှာ တကယ့် လူကြီးလူကောင်းဆိုတာ မလေးပြည်မှာ ရှိပါလားဆိုတာ နားလည်လာတယ် ၊သူတို့နဲ့ မိတ်ဆွေ ဖြစ်ရတာ ကျုပ် ဂုဏ်ယူတယ် “ ဤသို့ဖော်ထုတ်ကြေညာတတ်သည် ။

မလေးယဉ်ကျေးမှု ဓလေ့ ထုံးစံတို့ကို သူနှစ်သက် သဘောကျသည်။ မလေးတို့သည် သိမ်မွေ့နူးညံ့ သည့် လူမျိုးဖြစ်သည်။ သို့သော်လည်း ချစ်ခြင်း မုန်းခြင်းတည်း ဟူသော စိတ်လှုပ်ရှားမှုကို ပြလိုကြ သည့် လူမျိုးလည်း ဖြစ်သည်။ ဤသည်ကိုလည်း ဝါဗာတန် နှစ်သက်သည်။ သူတို့နှင့် ဘယ်လို ဆက် ဆံရမည်ကို ဝါဗာတန် ကောင်းကောင်းနားလည်သည် ။ သူတို့အပေါ် ယုံကြည် ကြင်နာစိတ်ထားသည်။

သို့သော်လည်း သူသည် အင်္ဂလိပ် လူကြီးလူကောင်း ဖြစ်သည်ဆိုသည်ကိုမူ မမေ့ ။ ထို့ပြင် မလေးတိုင်း ရင်းသားတို့၏ ဓလေ့ထုံးစံကို ခံယူကျင့်သုံးကာ အယူပြောင်းသွားကြသည့် မျက်နှာဖြူ ဥရောပ တိုက်သားတို့ကိုမူ သူ မနှစ်သက်။ သူတို့ ပြုမူပုံကိုလည်း သည်းမခံနိုင်။ ထိုမျက်နှာဖြူ ဥရောပ တိုက်သား များစွာတို့သည် မလေးအမျိုးသမီးများကို ဇနီးအဖြစ် လက်ထပ်ယူကြသည် ။ ဝါဗာတန်ကမူ သူတို့အတုကို မယူ။ ဤအပြုအမူသည် မနှစ်မြို့ဖွယ်ဟု ခံယူထားသည် ။ သူသည် ဝေလမင်းသား အဲလ်ဘတ် အက်ဒ် ဝပ်နှင့် ရင်းနှီးသူဖြစ်သည်။ ဝေလမင်းသားကသူ့ကို ရင်းနှီးစွာပင် ပထမနာမည် ဖြစ် သည့် ဂျော့ ဟု ခေါ်ကာ ဆက်ဆံသည်။ အနှီ ဂျော့ ဝါဗာတန်သည် မလေးတိုင်းရင်းသား မိန်းမများနှင့် ရှုပ်ရှုပ်ယှက်ယှက် မဆက်ဆံခဲ့သည်မှာ သေချာသည်။




ဝါဗာတန်သည် မကြာခဏ အင်္ဂလန်သို့ အလည်အပတ်ပြန်သည်။

အင်္ဂလန်မှ ဘိုညိုကျွန်းသို့ ပြန်ရောက်လာသည့် အခါတိုင်း ကျေနပ်နှစ်သိမ့်မှု အပြည့် ရခဲ့သည်။ အင်္ဂလန်တွင် သူ့မိတ်ဆွေ အပေါင်းအသင်းတို့မှာ သူ့လိုပင် အသက်အရွယ် ကြီးရင့်ကုန်ကြပြီ။ နောက်တက်လာသည့် မျိုးဆက် သစ်တခုက သူတို့ကို အိုမင်းမစွမ်း ဖြစ်နေသည့် လူအိုကြီးများဟု ယူဆကြသည်။ သူ့စိတ်ထဲတွင် အခု အင်္ဂလန်သည် သူငယ်ငယ်က ချစ်မြတ်နိုးသည့် အင်္ဂလန် မဟုတ်တော့ ။ အခု အင်္ဂလန်သည် ပျော်စရာ မကောင်းတော့ဟု သူထင်သည်။ သို့သော် ဘိုညိုကျွန်းသည်ကား မပြောင်းလဲ။ ဘိုညိုကျွန်းသည် သူ့ ရပ်သူ့မြေဖြစ်နေသည်။ သူသည် အလုပ်ထဲတွင် လုပ်နိုင်သမျှ လုပ်နေမည်။ အတင်းအနားမယူခိုင်းပြီး၊ ပင်စင်ယူမခိုင်းမီ သေလိမ့်မည်ထင်သည်။ သူ့သေတမ်းစာတွင် သူသေသွားသော် သူ့အလောင်းကို ဆမ်ဗူဗူသို့သယ်ဆောင်ကာ သူချစ်သည့် တိုင်းရင်းသားတို့ ရပ်ထံမှာပင် မြှုပ်နှံကာ သူခေါင်းချရာ သူ့ သချိုင်းသည် မြစ်ရေတသွင်သွင် စီးသံ ကြားရသည် နေရာ ဖြစ်ပါစေဟု ရေးထားသည်။

သို့သော်လည်း သူ့ဆန္ဒကို လူမသိအောင် ရင်ထဲမှာပင် သိမ်းထားသေးသည်။ ယခုလို သပ်သပ်ရပ်ရပ် ဝတ်ဆင်တတ်သူ ခပ်တောင့်တောင့်တင်းတင်း ခန္ဓာကိုယ်ပိုင်ရှင်။ ပြီးတော့ မုတ်ဆိတ်မွှေးကို ပြောင်စိမ်း နေအောင် ရိတ်တတ်သူ၊ ပြီးတော့ ဆံပင်ဖြူတွေ ဖွေးနေသူ သူ့ကို လူလိုပုဂ္ဂိုလ်တယောက်၏ ရင်ထဲမှာ သည်လို စိတ်ကူးယဉ်ဆန္ဒမျိုးတွေ ရှိနိုင်ပါ့မလားဟု တွေးချင် တွေးကြလိမ့်မည် ။ ရှိစေတော့။


ဝါဗာတန်သည် ဒေသအုပ်ချုပ်ရေးကို နားလည်သည်။ အလုပ်သဘောကို သိသည် ။ သို့ဖြစ်ရာ ယခု သုံးလေးရက်အတွင်း အသစ်ရောက်လာသည့် သူ့လက်ထောက် အုပ်ချုပ်ရေးမှူးကို စောင့်ကြည့်နေ သည်။ သူ့လက်ထောက်သည် အလုပ်ကျွမ်းကျင်သူဖြစ်ကြောင်း ၊စေ့စပ်သေချာပြီး ကြိုးစားသူဖြစ် ကြောင်း သိရသည်။သူ့မှာပြောစရာ တခုရှိသည်။ ယင်းမှာ တိုင်းရင်းသားတို့နှင့် ဆက်ဆံသည့် အခါ ကိုယ်နှုတ်အမူအရာ ကြမ်းတမ်းခြင်းပင်ဖြစ်သည်။

“ မလေးတွေဟာ အရှက်အကြောက်ကြီးတယ်။ အရေမထူဘူး။ဆတ်ဆတ်ထိမခံဘူး။ သည်တော့ သူတို့နဲ့ အလုပ်သဘော ဆက်ဆံတဲ့ အခါ ယဉ်ကျေးရမယ်။ သည်းခံရမယ်။ကြင်နာမှုပြရမယ်။ အဲ့ဒီလို ဆိုရင် ခင်ဗျားလုပ်ငန်းဟာ ပိုပြီး အောင်မြင်မှာပဲလို့ ကျုပ်ထင်တယ် “ ကူးပါးကို ဤသို့ သတိပေးစ ကား ပြောသည်။

ကူးပါးသည် ခစ်ကနဲ တချက်ရယ်လိုက်သည်။

“ ကျနော့်ကို ဗာဗေဒိုးမှာ မွေးတာပါဗျာ။ ပြီးတော့ စစ်ဖြစ်တုန်းက အာဖရိကမှာလည်း နေခဲ့ဘူးပါတယ် ။ ဒီအသားမဲ နီဂရိုးတွေ အကြောင်း ကျနော်သိပါတယ်ဗျာ“

“ ကျုပ်တော့ ဘာမှမသိဘူး။ ပြီးတော့ ကျုပ်တို့ပြောနေတာက သူတို့အကြောင်းမှ မဟုတ်ပဲ မလေး တွေအကြောင်း ပြောနေတာပဲ “

ဝါဗာတန်က ဆိုသည်။

“ မလေးဆိုတာနီဂရိုးမဟုတ်ဘူးလား “

“ ခင်ဗျား ဘာမှ မသိပါလား “

ဝါဗာတန်က ဒါပဲ ပြောသည် ။

ထို့နောက် ဘာစကားမျှ မဆက်။ မပြောတော့။

ကူးပါးရောက်ပြီးနောက် ပထမတနင်္ဂနွေနေ့တွင် ညစာဖိတ်ကျွေးသည့် ထမင်းစားပွဲတွင် တကယ့်ညစာ စားပွဲနှင့် တူအောင် တည်ခင်းထားသည်။ ကူးပါးကို အရင်နေ့က ရုံးမှာလည်းတွေ့သည်။ထို့နောက် လည်းတွေ့ကြသေးသည်။ တနေ့ကပင် သူ့အိမ်ဝါးရံတာတွင် အတူထိုင်ကာ ဂျင်သောက်ခဲ့ကြသေး သည်။ သို့သော်လည်း ဝါဗာတန်က ညစာဖိတ်သည့်အကြောင်း ယဉ်ကျေးစွာ စာတစောင်ရေးကာ ကူးပါးရှိရာ ဗိုရုံသို့ပေးခိုင်းသည်။ ကူးပါးက စိတ်မပါလှ ။သို့သော်လည်း ဖိတ်ကြားသည့်အချိန်တွင် ညနေဝတ်စုံဝတ်ကာ ရောက်လာသည် ။သူဖိတ်ခေါ်သည်ကို လက်ခံသည့်အတွက် သူ့ကိုလေးစား သဖြင့် မစ္စတာ ဝါဗာတန် ကျေနပ်သည်။သို့သော်လည်း အနည်းငယ် အောင့်သက်သက် ဖြစ်စရာ ရှိနေ သည် ။ အကြောင်းမှာ ကူးပါးဆိုသော လူငယ်လေး ဝတ်ဆင်လာသည့် အဝတ်တို့မှာ အညံ့စားဖြစ်နေ သည်။ ရှပ်အင်္ကျီကလည်း သူနှင့်မတော် ၊ ကျပ်နေသည်။ မည်သို့ဖြစ်စေ ထိုနေ့ညနေတွင်မူ ဝါဗာတန် သည် ရွှင်ရွှင်ပျပျ ဖြစ်နေသည်။

သူသည် ကူးပါးကို လက်ဆွဲနှုတ်ဆက်ရင်း “ ဒါနဲ့ တခု ပြောရအုံးမယ်။ ကျုပ်စားပွဲထိုးမှူးကို မေးကြည့် တယ်။ ဟိုခင်ဗျားအတွက် ခိုင်းစရာကောင်းတဲ့ ကောင်လေးတယောက် ရှာပေးဘို့ ကိစ္စပါ။ သူက သူ့တူလေးကို ခေါ်ခိုင်းနိုင်ပါတယ် တဲ့ ။ ကျုပ်တွေ့ပြီးပြီ။ ကောင်လေးက မဆိုးဘူး ။ သွက်သွက်လက် လက်ရှိတယ်။ ချက်ချက်ချာချာလည်း ရှိတယ်။ ခင်ဗျားတွေ့မလား“

“ကောင်းသားပဲ “

“ အခု ရှိနေတယ် “

ဝါဗာတန်က သူ့စားပွဲထိုး၏ တူလေးကို အခေါ်ခိုင်းလိုက်သည် ။ခဏကြာလျှင် အရပ်ရှည်ရှည် သေးသေးသွုယ်သွယ် လူငယ်လေးတယောက် ရောက်လာသည်။ မျက်လုံးမျက်ဖန်ကြီးပြီး ရုပ်ရည်မှာ သန့်သန့်ပြန့်ြ့ပန့် ဖြစ်သည်။ခါးတွင် ဆရောင်ကို သပ်သပ်ရပ်ရပ် ပတ်ထားပြီး အကျီအဖြူကို ဝတ်ထားသည်။ သူ့နာမည်ီမှာ အာဗတ်ဖြစ်သည်။


ဆက်လက်ဖော်ပြပါမည် ။



0 comments:

Post a Comment