စခန်းတနေရာ

ညနေခင်းတွင် လက်ထောက် အုပ်ချုပ်ရေးမှူး ရောက်လာသည်။ ပရာဟူ သမ္ဗန်ကလေးကို မြင်ရ ပြီဟု သိရ သည့် အခါ အုပ်ချုပ်ရေးမှူးမစ္စတာ ၀ါဗန်တန်သည် နေကာဦးထုပ်ကြီးကို ဆောင်း လျက် ဆိပ်ကမ်းသို့  ဆင်းလာခဲ့သည်။ သူရောက်လာလျှင် မြို့ စောင့်တပ်သား ဒယက်အမျိုးသား စစ်သားလေး ရှစ်ယောက်သတိ အနေအထားဖြင့် တောင့် တောင့်ရပ်ကာ အရိုအသေ ပြုကြသည် ။ သူလွန်သွားမှ သက်သာအနေအထားသို့  ပြောင်းသည်။ သူတို့  ဟန်ပန်မှာ တကယ့်စစ်သားကြီးများ နှင့်တူလှသဖြင့် ကျေနပ်စရာ ကောင်းသည်။ ယူနီဖောင်း များမှာသပ်ရပ်သည် ။ အစွန်အထင်းအပေ အကျံမရှိ ။ သေနတ်များကိုလည်း ပြောင်နေအောင် တိုက်ချွတ်ထား ကြသည် ။ ယင်းကြောင့် ၀ါဗန်တန်သည် သူ့ တပ်သားများကို ချီးကျူးလေ့ ရှိသည်။
ဆိပ်ကမ်းမှ လှမ်းမျှော်ကာ မြစ်အကွေ့ ဆီသို့  ကြည့်မိသည်။ မကြာမီမှာပင် သမ္ဗန်ကလေးကို မြင်ရသည် ။ သူတို့  ဆီသို့  အပြေးလာနေသည်။
ဝါဗာတန် သည်ဖြူဖွေးနေသည့် ဘောင်းဘီတိုကို ၀တ်ထားပြီး ဖိနပ်ဖြူကို စီးထားသည် ။ သူ့ ဟန်ပန်အမူအရာ မှာ ဖျတ်လတ်သည် ။ သေသပ်တင့်တယ်သည် ။ အင်္ကျီအဖြူ ဘောင်းဘီ အဖြူတွင် အစွန်းအထင်းမရှိ ။ အမည်းပြောက်မထင် ။ ချိုင်းကြားတွင် ရွှေရောင် ထိပ်ကွပ် မလက္ကာကြိမ်လုံး ကိုချပ်ချပ်ရပ်ရပ် ညှပ်ထားသည် ။ ဤပစ္စည်းမှာ ပီရက်စူလတန် ၏အဖိုးတန် လက်ဆောင်ပင်ဖြစ်သည် ။
ယခုရောက်လာမည့် လူသစ်ကို မတင်မကျ စိတ်ထားဖြင့် စောင့်ကြိုနေရသည် ။ သူအုပ်ချုပ် သည့် ခရိုင်တွင် အ လုပ်အလွန် များသည် ။ တယောက်တည်း နှင့် မနိုင်မနင်း ဖြစ်နေသည်မှာ ကြာပြီ ။ နယ်သို့  တာဝန်ဖြင့် သွားရ သည့် အခါ အလုပ်ကို တိုင်းရင်းသား စာရေးကြီးတယောက် အားလွဲထားခဲ့ရသည် ။ သို့ ကြောင့် စိတ်ထဲမှာ တထင့်ထင့်ဖြစ်ရသည် ။
သည်ဒေသတွင် သူသည် တဦးတည်းသော မျက်နှာဖြူ ဖြစ်လေရာ လူသစ်မျက်နှာဖြူ တ ယောက် ရောက်လာ မည်ကို ၀မ်းပန်းတသာ ကြိုဆိုရန်သာ ရှိသည် ။ သို့ သော်သူ့ မှာ တဦးတည်း နေတတ်သည့်အကျင့် ရနေပြီ ။ ပြီးခဲ့သည့် စစ်ကြီးအတွင်းကဆိုလျှင် သုံးနှစ်လုံးလုံး မည်သည့်အင်္ဂလိပ် လူမျိုးတယောက်တလေ ကိုမျှ မတွေ့ ခဲ့ရ ။ တခါကလည်း သစ်တောအရာရှိတယောက် သူ့ အိမ်သို့ လာရောက်တည်းခို မည်ဟုအကြောင်းကြားစာ ရသည့်အခါ စိတ်ရှုပ်ခဲ့ရသည် ။ သို့ ဖြစ်ရာ လူစိမ်းရောက်မလာမီ သူ့ ကိုကြိုဆိုနေရာချထားရန် အားလုံးစီစဉ်ပြီး သူကတော့ တာဝန်နှင့်မြစ်ညာသို့  သွားရမည်ဖြစ်ကြောင်း စာတစောင် ရေးသားခဲ့ကာ လစ်ထွက်ခဲ့သည်။ သူ့  ဧည့်သည်ပြန်သွားပြီဆိုမှ အိမ်သို့ ပြန်လာခဲ့သည် ။
မြစ်ကွေ့ တွင် သမ္ဗန်ကလေး ဆန်တက်လာသည် ကိုမြင်နေရသည် ။ လှော်ခတ်သူတို့ မှာ ပြစ်ဒဏ်အမျိုးမျိုး ခံရသည့် ဒယက်အမျိုးသား ထောင်ကျအကျဉ်းသား များဖြစ်သည် ။ အကျဉ်းသားတို့ ကိုထောင်ထဲသို့  ပြန်သွင်းရန် စောင့်နေကြသည့် ထောင်ဝါဒါများကလည်း ဆိပ်ကမ်းတွင် ရှိနေသည် ။ ဒယက်တို့ မှာ ကြံခိုင်သူများ ဖြစ်ပြီး လှေနှင့်တက်နှင့် အလေ့အကျင့်ရှိသူများ ဖြစ်သည် ။ တအားလှော်ခတ်လာရာ မကြာမီပင်ဆိပ်ကမ်းသို့ သမ္ဗန်ကလေး ဆိုက်ကပ်သည် ။ သမ္ဗန်ထဲမှ မျက်နှာဖြူ တယောက်ထွက်လာပြီး ကမ်းပေါ်သို့ တက်လာသည် ။ သူ့ ကိုမြို့ စောင့်တပ်သားများက သေနတ်ဖြင့် အလေးပြု ကြိုဆိုကြသည် ။
“ အင်း … ခုမှပဲ ခရီးဆုံးရောက်တော့တယ်ဗျို့  ၊ တလမ်းလုံး မလှုပ်သာ မရှားသာ ဗျာ ၊ လူ့  ကိုတောင့်တင်းနေတာပဲ ၊ ခင်ဗျားစာတွေ ပါလာတယ် “
သူသည် ရယ်ရယ်မောမောပင် စတင်ပြောဆိုသည် ။ သူ့ စကားမှာ ရွှန်းရွှန်းဝေ နေသည် ။
“ .. မစ္စတာ ကူးပါးနော် ၊ ဟုတ်ပါတယ် .. “
“ .. ဟုတ်ပါတယ် ၊ ကျွန်တော် ကူးပါးပါ ၊ တခြားတယောက် ယောက်များမျော်နေလို့ လား .. “
အပြောင်အပြက် သဘောပြုံးထေ့ထေ့အမေး ဖြစ်သည် ။ သို့သော် အုပ်ချုပ်ရေးမှူးသည် မပြုံးမရယ် ။ ခပ်တည်တည်ပင် ။
“ .. ကျုပ်နာမည် က ၀ါဗာတန် ၊ ခင်ဗျားနေရမယ့် အိမ်ကိုလိုက်ပြပေး မယ် ၊ ခင်ဗျားပစ္စည်းတွေကို သူတို့  ယူလာကြလိမ့်မယ်… “
သူသည် ကူးပါးရှေ့ က ထွက်လာခဲ့ပြီး လမ်းကျဉ်းကလေးအတိုင်း လာခဲ့ရာ ဗိုလ်ရုံကလေးတခုသို့  ရောက်လာသည် ။
“ .. ဗိုလ်ရုံကို နေလို့ ဖြစ်အောင် အတက်နိုင်ဆုံးပြင်ဆင်ထားတယ် ၊ဒါပေမယ့် ဒီ အဆောက်အအုံမှာ လူမနေတာ တော့ အတော်လေးကြာပြီ .. “
ဗိုလ်ရုံကို သစ်လုံးငယ်များဖြင့် ဆောက်လုပ်ထားသည် ။ နားနေစရာ အခန်းကျယ်ကြီးတခုရှိပြီး ယင်းသည် ၀ရန်တာနှင့် ဆက်နေသည် ။ အခန်ကျယ်ကြီးအနောက်ဘက် ဘေးတဘက်တချက်တွင် အိပ်ခန်း နှစ်ခုရှိသည်။
“ .. မဆိုးပါဘူး ၊ နေလို့ ဖြစ်ပါတယ် .. “ ကူးပါးကဆိုသည် ။
“ .. ခင်ဗျား ရေချိုးချင်မှာပဲ ၊ ပြီးတော့အ၀တ် လဲချင်လိမ့်မယ်ထင်တယ် ၊ ဒီညစာတော့ ကျုပ်ဆီမှာ လာစားဖို့  ဖိတ်ပါတယ် ၊ ရှစ်နာရီ ဆိုယင်ဖြစ်ပါတယ်နော် .. “
“ .. ဖြစ်ပါတယ် ၊ လာခဲ့ပါ့မယ် .. “
အုပ်ချုပ်ရေးမှူးသည် ယဉ်ကျေးသိမ်မွေ့ စွာပင် ပြုံးကာနှုတ်ဆက်သည် ။ သို့ သော် ထိုအပြုံးမှာ မပြုံးတပြုံး ။ ပါးစပ် ဟရုံလေးသာ ဖြစ်သည် ။ ထို့ နောက် ဗိုလ်ရုံမှထွက်လာခဲ့ပြီး သူနေထိုင်ရာ ခံတပ်အိမ်သို့  ပြန်လာခဲ့သည်။
အယ်လင်ကူးပါး ဘယ်လိုလူလဲ ။ စိတ်ထဲမှာတော့ သဘောမတွေ့ ချင်လှ ။ သို့ ပေမယ့် ရုပ်ရည်သင့်တင့်သည့် လူတယောက် ဟူ၍ကားမှတ်ထားလိုက် သည် ။ ပြီးတော့ ယခုလိုတွေ့ လျှင်တွေ့  ချင်း အကဲဖြတ်ဖို့ ဆိုသည်မှာ မသင့် ။ ထင်မြင်ချက် ဘာမျှမပေးသေးသည်က ကောင်းသည် ။
ကူးပါးသည် အသက်သုံးဆယ်ခန့် ရှိပြီဟု သူထင်သည် ။ အရပ်ရှည်ပြီး ပိန်ပိန်ပါးပါး ဖြစ်သည် ။ မျက်နှာကား ဖြူဖပ်ဖြူရော် ။ ထိုမျက်နှာ တွင်အရောင်အသွေး တခုတလေမျှ မရှိ ။ မျက်နှာသေဟု ပြောရမည်လား ။ နှာရောင်ကောက်ကောက်ရှိပြီး မျက်လုံးတွင် သူငယ်အိမ် ပြာပြာတစုံ ရှိသည် ။ ဗိုလ်ရုံသို့ ဝင်လျှင် ဦးထုပ်ကိုချွတ်ကာ အခိုင်းအစေလေးတယောက် ဆီသို့ လွဲပစ်လိုက်သည်ကို ၀ါဗာတန် အတိထားမိသည် ။ ထိုအခါ သူ့ ခေါင်းမှာ အဆမတန် ကြီးနေသည် ကိုသတိထားမိသည် ။ ဆံပင်ကား ညိုညိုမွဲမွဲ ခပ်တိုတို ။ မေးစေ့ သေးသေးနှင့်မူ အချိုးအဆက် မပြေသလို ဖြစ်နေသည်ဟု ထင်မိသည် ။ ကာကီအင်္ကျီ ကာကီဘောင်းဘီ တို့ ကိုဝတ်တားသည် ။
အင်္ကျီ ဘောင်းဘီတို့ မှာ ပွရောင်းရောင်း ဖြစ်ပြီး ညစ်ပေ စွန်ထင်းနေသည် ။ ဦးထုပ်ကြီးကို မဆေး ကြော သည်မှာ ကြာပြီထင်သည် ။ဤလူငယ်ကလေး သည် ကမ်းရိုးတန်းသွား သဘောင်္ ပေါ်တွင် ပင်တပတ်ခန့် အချိန်ကုန်ကာ သမ္ဗန် ထဲတွင် လေးဆယ်ရှစ်နာရီလုံးလုံး ကပျစ်ကညစ် လိုက်ခဲ့ရသဖြင့် ပိုသီပတ်သီ ဖြစ်နေရခြင်းသာဟု မစ္စတာ ၀ါဗာတန် ယူဆမိသည် ။
……………………………………………………………………………………………………………………………….........

ထမင်းစားလာတဲ့အခါကျတော့ ဘယ်လိုအဆင် အသွေးဆိုတာ စောင့်ကြည့်ရမှာပေါ့လေ ။ ၀ါဗာတန် သည် ဤသို့ စဉ်းစားမိလေသည် ။ ထို့ နောက်သူ့ အခန်းထဲသို့ ဝင်ခဲ့ပြီး အင်္ကျီလဲသည် ။ သူ့ အခန်းမှာ အင်္ဂလိပ်လက်ပါးစေ တယောက်ထိန်းသိမ်း သန့် ရှင်းထားသည့်အလား သေသပ် တင့်တယ် သည် ။ အရာရာသည် နေထားတကျရှိသည် ။
ထိုနောက် ၀ါဗာတန်သည် အိမ်အောက်သို့  ဆင်းလာပြီး ရေချိုးခန်းသို့ သွားသည် ။ ရေအေး အနည်း ငယ် စိမ်သည် ။ ရာသီဥတု နှင့်မညီညွတ်သော်လည်း ညစာစားသည့် အခါတွင် ညစာဝတ်စုံအင်္ကျီ ဖြူကို ၀တ်ဆင်သည် ။ ယင်းစည်းကမ်း ကိုမူတင်းတင်းကျပ်ကျပ် စောင့်ထိန်းသည် ။သို့  မဟုတ်လျှင် လည်း လန်ဒန်မြို့ ပေါလမော ရပ်ကွက် ရှိသူ့ ကလပ်တွင် ညစာစားသည့်အခါ ၀တ်သည့် ၀တ်စုံကို ၀တ် သည် ။ ကော်လာကြီးကြီး ၊ ကော်တင်ထားသည့်အင်္ကျီ ၊ ပိုးခြေအိတ် ၊ ပြောင်လက်နေသည့် ဖိနပ်တို့  မှာ ပွဲတက်အဆင်အပြင် ဖြစ်လေသည် ။
သူသည် သတိအလွန်ကြီးသည့် အိမ်ရှင်တယောက် ဖြစ်သည်နှင့် အညီ ထမင်းစားပွဲ ပြင်ဆင်ခင်းကျင်း ထားပုံကို နေရာကျမကျ ကြည့်ရှုစစ်ဆေးသည် ။ စားပွဲအလယ် တွင်သစ်ခွပန်းအိုးမှာ အရောင်လွင် သ လို ငွေဇွန်း ၊ ငွေခက်ရင်း တို့ မှာ ဖိတ်ဖိတ်တောက် လက်နေသဖြင့် ကျေနပ်သည် ။လက်သုတ်ပု ၀ါများ ကို ခေါက် ယပ်တောင်တွန့်  ပုံစံအတိုင်း ခေါက်ကာ ဖန်ခွက်တွင် ထည့်ထားသည်မှာ လှပသည် ။ ဖ ယောင်း တိုင် စိုက်သည့် ငွေတိုင်မှာ အရောင်လက်နေသည် ။ အုပ်ဆောင်းအောက် မှမီးရောင်သည် စားပွဲ ပေါ်သို့  ခပ်မှိန်မှိန် ဖြန့် ဆင်းလျက်ရှိသည် ။ သူ့ တပည့်ကျော်တို့ ၏ အပြင်အဆင် အမွမ်းအမံ ကို နှစ်သက်ကျေနပ်မိသည်။ သို့ ဖြစ်ရာ ခပ်ပြုံးပြုံး ပီတိဖြာလျက် ဧည့်သည်ကို စောင့်မျှော်ရန် ဧည့်ခန်းသို့  ပြန်လာသည် ။
ထိုခဏမှာပင် ဧည့်သည်ရောက်လာသည် ။ ကူးပါးသည် ကာကီဘောင်းဘီ ၊ ကာကီ အင်္ကျီ တို့ ကိုဝတ်ဆင်လာသည် ။ ပြီးတော့ သမ္ဗန်ပေါ်က ဆင်းလာစဉ်က ၀တ်သည့် စုတ်စုတ် ပြတ်ပြတ် အပေါ်ဝတ်ကြီးကို ၀တ်ထားသည် ။ ဧည့်သည်ကို ဆီးကြိုသည့် အပြုံးမျက်နှာသည် တ၀က်တပျက် နှင့်ပင် တင်းတင်းရင်းရင်း ဖြစ်သွားသည် ။ အပြုံးပန်းသည် ငုံရုံသာငုံ ပြီး ပွင့်အာမလာ ။
“.. ဟဲလို ၊ ဘယ်လိုလဲ ၊ ခင်ဗျားက ၀တ်စားထားလို့ ပါလား ၊ ခင်ဗျား ဒီလိုဝတ်မယ်လို့  ကျွန်တော် မထင်မိဘူး ၊ ဆရောင်ကို တောင်ပတ်လာမယ် စိတ်ကူးမိသေးတယ် .. “
“ … ကိစ္စမရှိပါဘူး ၊ ဖြစ်ပါတယ် ၊ ခင်ဗျား ကောင်းလေးတွေ ရှင်းရလင်းရ နဲ့ အလုပ် ရှပ်နေကြ ဟန်တူတယ်.. “
“ .. ကျွန်တော် ကြောင့်တော့ ၀တ်စုံအပြည့်ဝတ် စရာမလိုပါဘူးဗျာ … “
“ .. ခင်ဗျားအတွက်ဝတ်တာ မဟုတ်ပါဘူး ၊ ညစာစားယင် ဒီလိုပဲအမြဲဝတ်တယ် .. “
“ .. ခင်ဗျားတယောက် တည်းရှိတော့လဲ ဒီလိုပဲဝတ်သလား .. “
“ .. ဟုတ်တယ် ၊ တယောက် တည်းရှိတော့မှ မပျက်မကွက် ၀တ်ဖြစ်အောင်ဝတ်တယ် “ ၀ါဗာတန် ကခပ်တင်းတင်း မျက်နှာဖြင့် အဖြေပေးသည် ။
ကူးပါး၏ မျက်လုံးအစုံတွင် ပြုံးစပ်စပ် အရောင်လက်သွား သည်ကိုသူတွေ့ လိုက်သည် ။ ထိုအခါ ၀ါဗာတန်စိတ် ထဲမှာထင့်ကနဲဖြစ်ကာ မျက်နှာတခုလုံး နီရဲသွားသည် ။ မစ္စတာ ၀ါဗာတန် သည်စိတ် တိုတတ်သူ ဖြစ်သည် ။ သူ့ မျက်နှာမှာနီ ရဲ နေသည် ။ စိတ်ဆတ်သည် ။ ကြက်ခေါင်းဆိတ်မခံ အမူ အရာ ကလည်းထင်ရှားသည် ။ ဆံပင်နီတို့ မှာဖြူစပြုနေပြီ ။ ဤသည်တို့ က စိတ်တိုသည့် သူ့ စရိုက်ကို ဖော်ပြနေသည် ။ မျက်လုံးပြာတစုံမှာ ပင်ကိုအားဖြင့် သွေးအေးသည့် သွင်ပြင် ၊ ကြည့်တတ် မြင်တတ် သည့် စရိုက်ကို ညွန်းသော်လည်း ရုတ်တရက် ဒေါသထွက်လာလျှင် ထိုမျက်လုံးတို့ သည် အရောင် တောက်လာတတ်သည် ။ သို့ တိုင်အောင် သူသည် လောကကြီးသဘောကို နောကြေနေ အောင် သိ ထားသူဖြစ်လေရာ အဆင်ပြေအောင်ဆက်ဆံဖို့ သူဝန်မလေး ။ ဤပုဂ္ဂိုလ်လေးနှင့် ပြေပြစ်အောင် ဆက် ဆံဖို့ သူကြိုးစားမည်ဟု ပိုင်ဖြတ်ထားသည် ။
“ လန်ဒန်မှာ နေခဲ့တုန်းကတွေ့ ရတဲ့ အပေါင်းအသင်းတွေ ကတော့ ညစာစားယင် ၀တ်စုံပြည့် ၀တ်တယ် ၊ မနက်တိုင်း ရေချိုးရမယ် ဆိုတာ လိုပေါ့ ၊ မဟုတ်ရင် ကြောင်တယ် ၊ အခု ဗိုညိုကျွန်း ရောက်လာတော့ ဒါလောက်ကောင်းတဲ့ အလေ့အထကို ဆက်လက်ပြီး မထိန်းသိမ်း နိုင်စရာအကြောင်း မမြင်ဘူး ၊ ဒီတော့ ကျုပ်ဆက်လက် ထိန်းသိမ်းတယ် ။ ”
“ …… စစ်ထဲမှာတုန်းက သုံးနှစ်လုံးလုံး မျက်နှာဖြူတယောက်မှမတွေ့ ခဲ့ဘူး ၊ ဒါပေမယ့် ညစာစားတဲ့ အခါတိုင်း ၀တ်စုံပြည့် ၀တ်ခဲ့တယ် ၊ တရက်တလေ မှ ၀တ္တရား မပျက်ခဲ့ဘူး ၊ ဒီဒေသကို ခင်ဗျားရောက် တာမကြာသေးဘူး နဲ့ တူတယ် ၊ ကျုပ်ပြောတာကိုယုံပါ ... ကိုယ့်သိက္ခာကို ကိုယ်စောင့်ထိန်းဖို့ ၊ ကိုယ် ဂုဏ် ကိုယ်မြှင့်ဖို့ ၊ မိမိကိုယ် မိမိ လေးစားဖို့  .. ဆိုယင် ဒီနည်းဟာ အလွန်ကောင်းတဲ့ နည်းလမ်းတခုပဲ ၊ တခြားဘယ်နည်း နဲ့ ထိန်းသိမ်းမလဲ ၊ ဥရောပ တိုက်သား မျက်နှာဖြူတယောက်ဟာ အသစ်အသစ် သောပတ်ဝန်းကျင် နဲ့ တွေ့ တဲ့အခါ အဲ့ဒီပတ်ဝန်းကျင် ရဲ့ အလေ့အထ အမူအရာ ကိုနှစ်သက်လက်ခံ ပြီးပြုမူ ကျင့်ကြံပြီ ဆိုယင် ၊် အသေးအဖွဲ့ ကလေးဖြစ်ပစေနော် ၊ သူဟာ သူ့ သိက္ခာသူ မစောင့်ထိန်း နိုင် တော့ဘူး ၊ သူ့ ကိုယ်သူ မလေးစားတော့ဘူး ၊ အဲဒီလို အဖြစ်နဲ့  ကြုံလာပြီဆို ယင် ၊ အမူအရာ သစ် ကိုနှစ်သက်လက်ခံ ပြီဆိုယင် ၊ ဒေသခံ တိုင်းရင်းသားတွေ ကသူ့  ကိုဘယ် လေးစားတော့မှာလဲ …. “
“.. ဒီလိုပူအိုက်တဲ့ ရာသီဥတုမျိုးမှာ ကျွန်တော့်ကိုကော်တင် အင်္ကျီမျိုးဝတ် စေချင်တယ်ဆိုယင် တော့ ခင်ဗျား မျော်လင့်တဲ့အတိုင်း ဖြစ်မှာမဟုတ်လို့  စိတ်ပျက်သွားမှာပဲ .. “
“.. ဗိုလ်ရုံမှာ ခင်ဗျားတယောက်တည်း ညစာစား တဲ့အခါမှာဆို ယင်တော့ ကြိုက်သလိုဝတ်နိုင်ပါတယ် ၊ ဒါပေမယ့် ကျုပ်ဖိတ်ကြားလို့ ကျုပ်ဆီမှာ ညစာလာစားတဲ့အခါ မှာတော့ယဉ်ကျေးသိမ့် မွေ့ တဲ့လူအဖွဲ့  အစည်းမှာ ၀တ်ဆင်ကြတဲ့ ၀တ်စုံပြည့်ကို ၀တ်မယ်ဆိုယင် လူယဉ်ကျေး ဖြစ်ကြောင်း ပြတယ်လို့  ဆိုရမှာပေါ့  ..”
ထိုခဏမှာပင် မလေးလက်ပါးစေနှစ်ယောက် ၀င်လာသည် ။ သူတို့ ၏ အမျိုးသား ၀တ်စုံများ ဖြစ်သည့် ဆရောင်နှင့် ဆွန်ကောက်ဝတ်စုံ တို့ ကို ၀တ်ဆင်ထားကြသည် ။ ကုတ်အင်္ကျီဖြူကိုမူ အပေါ်ကချပ်ချပ် ရပ်ရပ် ဆင်ယင်ထားသည် ။ ကြေးဝါကြယ်သီးတို့ မှာပြောင်လက်နေသည် ။ တယောက်က ‘ ဂျင်ပဟစ် ‘ ကိုသယ်ဆောင်လာပြီး တယောက်က သံလွင်သီးပန်းကန်နှင့် ငါးသလောက်ကင် ပန်းကန်တို့ ကို ဗန်းတခုတွင် ထည့်ကာယူဆောင်လာသည် ။ ထို့ နောက် ထမင်းစားပွဲသို့ သွားကြသည်။
မစ္စတာ ၀ါဗာတန်သည် သူ့ စဖိုမှူးနှင့် ပတ်သက်၍ အကျေနပ်ကြီး ကျေနပ်နေသူဖြစ်သည် ။ ဗိုညိုကျွန်းတခုလုံးတွင် သူ၏ တရုတ်စဖိုမှူး သည်အကောင်းဆုံး ဖြစ်သည်ဟု ဂုဏ်ယူလေ့ ရှိသည် ။ သူ့ စဖိုမှူး သည် ပစ္စည်းမစုံသည့် တောလယ်ကောင်မှာပင် သူစားချင်သည့်ဟင်းကို ဖြစ်သည့်နည်း နှင့် ကြံဖန်ချက်ပြုတ်နိုင်သူ ဖြစ်သည် ။ ပြီးတော့ စားသောက်ဖွယ် အသစ်အဆန်းတို့ ကိုလည်း တီထွင် ဖန်တီးတတ်သူ ဖြစ်သည် ။ သို့ ဖြစ်ရာ ၀ါဗာတန် မှာကျေနပ်မဆုံး ဖြစ်ရသည် ။
“ ဟင်းလျာ စာရင်းကို ကြည့်စမ်းပါအုံး “
ဝါဗာတန်က ကူးပါးလက်သို့  စားဖွယ် သောက်ဖွယ်စာရင်းကို ထိုးပေးလိုက်သည် ။
ယင်းတို့ ကို ပြင်သစ်ဘာသာဖြင့် ရေးထားသည် ။ စားဖွယ်သောက်ဖွယ်တို့ ၏ နာမည်တို့ မှာ ကျော်ကြားထင်ရှား သည့် လူပုဂ္ဂိုလ် ၀တ္ထုပစ္စည်း တို့ နှင့်ယှဉ်ကာ မှည့်ခေါ်ထားသည် ။ စားပွဲတွင် စားပွဲထိုး သူငယ်လေး နှစ်ယောက်အသင့် စောင့်နေသည် ။ ထမင်းစားခန်း ဟိုတဘက် အစွန်ထောင့်နှစ်ခု ၌ ယပ်တောင်ကြီး နှစ်ခုကိုကိုင်ကာ ယပ်ခတ်နေသည် သူငယ်ကလေး နှစ်ယောက် ရှိနေသည် ။ ထမင်းစားပွဲသည် ကြီးကျယ်ခမ်းနား သည်။ ရှမ်ပိန်အရက်မှာ အလွန်ကောင်းသည် ။
“ နေ့ တိုင်း ဒီလို ပဲစားသလား “ ကူးပါးကမေးသည် ။
ဝါဗာတန်သည် စားဖွယ်စာရင်းကို ဖြတ်ကနဲ ကြည့်လိုက်သည် ။
ဆက်လက်ဖော်ပြပါမည်။
0 comments:
Post a Comment