
ရွှေပုဇ္ဇုန်
နက်ဖြန်မနက် အိပ်ရာထဆိုလျှင် ကမ်းကိုမြင်ရတော့မည် ....
ဒေါက်တာ မက္ကဖိုင်သည် ဆေးတံကို မီးညှိလိုက်သည် ။ အချိန်ကား အိပ်ရာဝင်ခါနီးနေပြီ ။ သူသည် လက်ရန်းကို မှီကာ တောင်ဘက်ကောင်းကင် သို့ ကြည့်ယင်း တံငါကွန်တိုင်ကို ရှာနေသည် ။ မက္ကဖိုင် သည် ရှေ့ တန်းစစ်မြေပြင်တွင် နှစ်နှစ်နေခဲ့ရသည် ။ တိုက်ပွဲတွင် ရ သည့် ဒဏ်ရာကား ပျောက်တန်သည့် အချိန်တွင် မပျောက် ။ အနာကျက်အောင် အတော် လေးကြာကြာပင် စောင့်ရသည် ။ ယခုကား အနည်းဆုံးတနှစ်ခန့် အနားယူနိုင်ပြီ ။ အေပီယာကျွန်းကလေးတွင် စိတ်အေး လက်အေး အနားယူနိုင်ပြီမို့ စိတ်ချမ်းသာသည် ။ ယခုလာခဲ့သည့် ခရီးတလျှောက်လုံးတွင်လည်း စိတ်လက်အေး ချမ်းကာ ကြည်ကြည် လင်လင် ရှိသည် ။ နက်ဖြန်ဆိုလျှင် ပါဂိုပါဂိုကျွန်းသို့  ရောက်တော့မည် ။ ထို့ ကြောင့် ဆင်းမည့်ခရီးသည်များသည် ညဦးပိုင်းတွင် ကပွဲ ကလေးတခု စီိစဉ်ကြသည် ။ မြူးကြပျော်ကြသည် ။ စန္ဒရားသံသည် စူးရှလှသည် ။ သူ့ နားထဲတွင် ယခုတိုင် စန္ဒရားသံ သည် ပဲ့တင်ထပ်နေသည် ။နောက်ဆုံးတွင်ကား ကုန်းပတ်တခု လုံးငြိမ်သက်သွားသည် ။ ခပ်လှမ်းလှမ်းတွင် သူ့ မိန်းမသည် ဒေဗီဆန် လင်မယားနှင့် စကားကောင်းနေသည်ကို တွေ့ ရသည် ။
မက္ကဖိုင်သည် သူ့ မိန်းမရှိရာသို့ လျှောက်သွားသည် ။ မီးရောင်အောက်ရောက်မှ သူ့ ရုပ်မှာ ပို၍ ထင်ရှားလာသည် ။ ခေါင်းမှဦးထုပ်ကို ချွတ်လိုက်သည့်အခါ သူ့ ဆံပင်သည် နီကြောင် ကြောင်ဖြစ်နေသည်ကို မြင်နိုင်သည် ။ အနည်းငယ်ထိပ် ပြောင်နေပြီး သူ့ မျက်နှာ နီနီတွင် ညှင်းပြောက်များ အပြည့်နီးပါးရှိနေသည် ။ အသက်ကားလေးဆယ်ခန့် ။ ပိန်ပိန်ပါးပါး ။ ပါး ရေ များကား တွန့် နေပြီ ။ မျက်နှာကို ကြည့်ခြင်းအားဖြင့် လူစေ့စပ်တယောက်ဖြစ်ကြောင်း သိသာသည် ။ စကားပြောသည့်အခါ စကော့သံ မပျောက် ။ သူအသံမှာ ညင်သာသည် ။ လေအေးအေးနှင့် ပြောတတ်သည် ။
မက္ကဖိုင်နှင့် ဒေဗီဆန် တို့  မှာသာသနာပြုများ ဖြစ်သည်။ တသဘောင်္တည်း အတူခရီး သွားရာမှ ရင်းနှီးလာကြသည် ။အလုပ်သဘောအရ ရင်းနှီခြင်းကားမဟုတ်။ သဘောင်္ပေါ် တွင် ခရီးသွားဖော်ဖြစ်၍ ရင်နှီးခြင်းသာ ဖြစ်သည် ။ ပင်လယ်ခရီးတွင် သူတို့ နှင့်အတူ ပါ လာသည့် ခရီသည်တို့ သည် တချိန်လုံး တလျှောက်လုံးဧည့် ခန်းတွင် ပိုကာဆွဲကြ သည်။ ဗရစ်ဖဲကစား ကြသည် ။ အရက်သောက်ကြသည် ။ ထိုအပြုအမူမျိုး ကို နှစ်ယောက်စလုံး မနှစ်မြို့ ကြ ။ ဤသို့ မနှစ်မြို့ ခြင်း ၊ နှာခေါင်းရှုံ့ ခြင်း ကသူတို့ နှစ်ယောက်ကို သဘော ချင်း ထပ်တူ ဖြစ်စေကာ ပို၍ ရင်နှီးလာစေသည် ။သဘောင်္ပေါ်တွင် ဒေဗီဆန်လင်မယားနှင့် ပေါင်းသင်းဝင်ဆံ သူဆိုလျှင် သူတို့ လင်မယားနှစ်ယောက်သာရှိသည်ဟု မစ္စက်မက္ကဖိုင် ထင်သည် ။ သူတို့ လင်မယားကိုသာ ဟက်ဟက်ပက်ပက် ပြောဆိုဆက် ဆံချင်ဟန်တူသည် ဟုထင်သည် ။ သူ့ အမြင်ကို မက္ကဖိုင်အားပြောပြ သည့်အခါ ဟုတ်မှာပေါ့ဟုဆိုသည် ။ သို့ သော် မက္ကဖိုင်သည် လုံးလုံးသဘော မတူချင်။ သူသည်သူတပါး`၏ အပြစ်အနာအဆာကို သာ ကြည့်တတ်သူဖြစ်သည် ။ ထို့ ကြောင့် အိပ်ခန်းထဲ ရောက်သည့်အခါ ကက်တီးကတ်ဖဲ့ ပြောလာသည် ။
မစ္စက်မက္ကဖိုင် သည် အခန်းထဲသို့ ဝင်လာသည့်အခါ ကြေမွနေသည့် ဂါဝန်ကို လက်ဖြင့်သပ်ချလိုက်သည် ။
“ ကျွန်မတို့ သာ ဒီသဘောင်္ပေါ် ပါမလာယင် သူတို့ တော့ ဘယ်သူ့ အဖော်လုပ်ရမယ် မသိဘူး ၊ တလျှောက်လုံး ပျင်းနေမှာပဲလို့  မစ္စက် ဒေဗီဆန်က ပြောတယ် ၊ ကျွန်မတို့ နဲ့ ပဲအဖော်လုပ်လို့ ရတယ်တဲ့ ”
“ သာသနာပြု ဆိုတာ ပြောပလောက်အောင် ကြီးကျယ်တဲ့ ပုဂ္ဂိုလ် မဟုတ်ပါဘူးကွာ ၊ ဘာမှ ဟိတ်ဟန်ထုတ်စရာ မလိုဘူး ၊ သွေးကြီးမွေးကြီး လုပ်စရာမလိုဘူး လို့ တို့ တော့ထင်တာပဲ ”
“ အို ရှင်ကလဲ ၊ ဒါ သွေးကြီးမွေးကြီး လုပ်တာ မဟုတ်ပါဘူး ၊ သူပြောချင်တာက ရှင်ထင်သလို မဟုတ်ပါဘူး ၊ ကျွန်မ နားလည်ပါတယ် ၊ဧည့်ခန်းထဲက တွေ့ ကရာ လူတွေနဲ့ ရောရော နှောနှော လုပ်လို့ သူ တို့ အဖို့ မကောင်းဘူး မဟုတ်လား ”
“ ဒါတော့ကွာ တခုတော့ရှိပါတယ် ၊ သူတို့ ကိုးကွယ်တဲ့ ဘုရားသခင် ကိုယ်တိုင် ကလူလူချင်း မတူမတန် မရှိခဲ့ပါဘူး ”
မက္ကဖိုင်က သူ့ စကားကို သူသဘောကျကာ ပြုံးလိုက်သည် ။
“ ရှင် တော်တော် အပြောရခက်တာပဲ ၊ ဘာသာတရားနဲ့ ပတ်သက်ပြီးပြောင်လား နောက် လား မလုပ်ပါနဲ့ လို့ ခဏခဏ သတိပေးခဲ့ပြီဟာ ၊ ကျွန်မတို့ တော့ ရှင့်လို မဟုတ်ဘူး ၊ ရှင် ကတော့ လူတွေကို ကြည့်လိုက်ယင်ဘယ်တော့ မဆို ခွင့်လွတ်တတ်တဲ့ အကြည့်နဲ့  ကြည့်တာပဲ ၊ လူတယောက်မှာ ကောင်းတာလေးတွေ လဲ ရှိသေးတယ် ၊ အဲဒါလဲကြည့်ဦး မှပေါ့ ”
မက္ကဖိုင်သည် သူ့ ဇနီးကို ငဲ့စောင်းကြည့်နေသည် ။ ယခုကား သူ့ စကားကို ပြန်၍ ဖြေမနေတော့ ။ ပေါင်းသင်းလာသည်မှာ ကြာပြီဖြစ်ရာ မိန်းမအကြောင်း ကောင်းကောင်းသိနေပြီ ။ စကားမများရအောင် နေတတ်နေပြီ ။ အကောင်းဆုံးမှာ နှုတ်တုံ့ မပြန်ရန်ပင် ဖြစ်သည် ။ဘာမှဆက်မပြောတော့ပဲ ငြိမ်နေလိုက်လျှင် နားချမ်းသာသည်ကို အတွေ့ အကြုံ အရသူနားလည်နေပြီ ။ထို့ ကြောင့် အ၀တ်အစားလဲကာ အိပ်စင်ပေါ်သို့ အလျင်တတ်ပြီး စာအုပ်တအုပ် ကိုကောက်ကိုင်လိုက်သည် ။အိပ်ချင် လျှင်စာအုပ်ဖတ် ၊ သူအလိုလို မျက်စိမှေးလာလိမ့်မည် ။ ယင်းကား မက္ကဖိုင်`၏ အိပ်ဆေးပင် ဖြစ်လေသည် ။
မိုးလင်း၍ ကုန်းပတ်သို့ ထွက်လာသည့်အခါ ကမ်းကိုမြင်ရသည် ။ကမ်းသည် မကျယ်ပြန့် လှ ။ ထိပ်ဘက်တွင် ကုန်းမိုမိုလေး များကို မြင်ရသည်။ သစ်ပင်ထူထပ်သည်။ ကုန်းမိုမိုနှင့် ပင်လယ် ရေစပ်အကြား တွင် သေးသေး ရှည်ရှည် ကမ်းမြောင်ကို မြင်ရသည် ။ နေခြည်တွင် ငွေရောင်လက်နေသည် ။ တချို့ နေရာမှားတွင် အုန်းပင်တို့ သည် ပင်လယ်ထဲသို့ ငိုက်ကျနေသည် ။ အုန်းပင်များ အကြား၌ ကား ဆမိုဝါတဲများ ရှိသည် ။ ဤမြင်ကွင်းအလယ်၌ ဖြူဆွတ်နေသော ဘုရားရှိခိုးကျောင်း ကလေးများ ဟိုတခု သည်တခု ထိုးထွက်နေသည် ။
သူ့ အနားသို့  မစ္စက်ဒေဗီဆန် ရောက်လာသည် ။ ပိန်ပိန်ပါးပါး ။ နှာခေါင်းတွင် ညှပ်ထားသော ကိုင်းမပါသည့် မျက်မှန်ကို ဖောက်ထွင်းမြင်ရသည့် မျက်လုံးတစုံတွင် အပြာရောင်သည် အထူးခြားဆုံး ဖြစ်သည် ။ ပင်လယ်ရေထက်ပြာသည့် မျက်လုံးပြာမျိုး ။ အ၀တ်အနက် ၀တ်ထားသည် ။ လည်ပင်းတွင် ရွေဆွဲကြိုးလေးတခု၌ လက်ဝါးကပ်တိုင် ကလေးသည် ယီးလေးခိုနေသည် ။ မျက်နှာကားသွယ်သွယ် ရှည်ရှည် ဆင်ခြင်တုံတရား ကင်းသည့် မျက်နှာမျိုး မဟုတ် ။ ဖျက်လတ်ပုံရသည် ငှက်ကလေးများ ပျံသွားသလား ထင်ရလောက်အောင် သွက်လက်သည့်အမူအရာ ပိုင်ရှင်ဖြစ်သည်ဟု သူထင်သည် ။အထူးခြားဆုံးကား သူ့ အသံပင်ဖြစ်သည်ဟု သူထင်သည် ။ စူးလှသည် ။ ကြားရသူ နားထဲသို့ စူးစူးရှရှ ၀င်သွားသည် ။ ကျောက်တုံးခွဲသည့် လွန်ပူသံလို နားမခံသာ ရှိသည်ဟု သူထင်သည် ။
“ ခင်ဗျား တို့ နေတဲ့ အရပ်က ရှုခင်းမျိုးထင်ပါရဲ့  ”
မပြုံး ချင်ပြုံးချင်နှင့် ပြုံးကာ စကားစလိုက်သည် ။
“ ကျွန်မတို့ နေတဲ့ ကျွန်းတွေက ဒီလိုမဟုတ်ဘူးရှင့် ၊ သန္တာကျွန်းတွေ ၊ ကုန်းရယ်လို့ မရှိလှဘူး ၊ ဒီကျွန်းတွေက မီးတောင် ဒေသပေါ့ ၊ အင်း …. နောက်ထပ် ဆယ်ရက်ခရီးလောက် သွားရဦးမှာ ”
“ ဒီနေရာတွေမှာ တော့ဗျာ ဘယ်ရှုခင်းပဲဖြစ်ဖြစ် အတူတူချည်းနေမှာပါ ၊ ကိုယ့်ရပ် ကိုယ့်ဒေသ ရောက်နေသလိုပဲပေါ့ ”
“ မဟုတ်သေးဘူး ရှင့် ၊ ဒီက တောင်ပင်လယ် ဒေသမှာ ရှုခင်းတွေက တနေရာနဲ့ တနေရာ မတူတာတွေ ရှိသေးတယ် ၊ ခြုံ ပြောယင်တော့ ဟုတ်သလိုလို ပေါ့ ”
မက္ကဖိုင်သည် မသိမသာ သက်ပြင်းချလိုက်သည် ။
“ ဒီမှာ တာဝန်မကျတာ ကျွန်မဖြင့်သိပ်ဝမ်းသာတာပဲ ၊ ဒီဒေသမှာ အလုပ်လုပ်ရတာ မလွယ်လှဘူး လို့ ပြောကြတာပဲ ၊ သဘောင်္က ခဏခဏ ၀င်ထွက်နေတော့ ကျွန်းသားတွေ ပျက်စီးတယ် ပြောရမလား မသိဘူး ၊ ပြီးတော့ ရေတပ်စခန်းတခုလဲ ရှိသေးတယ်၊ အဲဒါက ပိုပြီးဆိုးတယ် ၊ ကျွန်မတို့ ဆီမှာတော့ ဒီလိုရှုပ်ရှုပ် ထွေးထွေးမရှိဘူး ၊ ဒါပေမယ့် ကုန်သည် တယောက်စ နှစ်ယောက်စ ရှိပါတယ် ၊ သူတို့ ကိုတော့ ထိန်းလို့ သိမ်းလို့ လွယ်ပါတယ် ၊ အဲ ထိန်းလို့ သိမ်းလို့ မရယင် မနေနိုင် အောင် လုပ်လွတ်လိုက်တာပဲ ”
မစ္စက် ဒေဗီဆန်သည် မျက်မှန်ကို ပင့်တင်လိုက်သည် ။
“ ဒီမှာ သာသနာပြုလုပ်ရတာ မလွယ်ဘူး ရှင့် ၊ ကျွန်မတို့  ကျွန်းတွေထဲမှာ ဒီကျွန်းမျိုးမပါလို့  တော်သေးတာပေါ့ ၊ ဘုရားသခင် ဂုဏ်ကျေးဇူး ပေါ့ရှင် ”
ဆမိုဝါကျွန်း မြောက်ဘက်ရှိ ကျွန်းစုလေးများမှာ ဒေဗီဆန်`၏ ပိုင်နက် ဖြစ်သည် ။ တခုနှင့်တခု မနီးလှ ။ ခရီးဝေး သွားရာတွင်ပင် သူတို့ မှာ လှေကလေးများ ဖြင့် သွားလာကြရသည် ။သူခရီးထွက်လျှင် ရုံးစိုက်ရာ၌ မစ္စက်ဒေဗီဆန် ကျန်ခဲ့လေ့ရှိသည် ။ သူ့ တာဝန်များကို ယူတတ်သည် ။မျက်နှာ လွဲရလောက်အောင် မစ္စက်ဒေဗီဆန်သည် ကျွမ်းကျင်လှသည် ။ သူ့ မိန်းမအကြောင်း တွေးမိတိုင်း ဒေဗီဆန်သည် အကြည်နှုးကြီး ကြည်နှုးမိသည် ။ ကျွန်းသားတို့  အကျင့်ပျက်သည့် အခါမျိုး တွင် မစ္စက်ဒေဗီဆန် သည် သည်းမခံတတ် ။ ဒေါသနှင့် မဟုတ်သော်လည်း ပြင်းပြင်းထန်ထန် ပင် သတိပေးတတ်သည် ။သူ့ မိန်းမသည် ယဉ်ကျေးသိမ်မွေ့ သည့်နေရာတွင် နှစ်ယောက်မရှိသူ ဖြစ်သည် ။ ကျွန်သူကျွန်းသား တို့ `၏ ဖို မ ဆက်ဆံရေးကို သူမနှစ်မြို့ ။ မက္ကဖိုင်တို့ နှင့် သိကျွမ်းစက ဤသို့ ပြောဖူးသည် ။
“ကျွန်မတို့ အလုပ် ၀င်စကဆိုယင် သူတို့ ရဲ့ ဖို မ ဆက်ဆံရေး ၊ သူတို့ ရဲ့ လင်ယူသားမွေး ဓလေ့ထုံးစံတွေဟာ ကြက်သီးထစရာ ပဲရှင့် ၊ ပြောရမှာတောင် ရှက်စရာကြီးပါပဲ ၊ ရှင့်မိန်းမကိုတော့ ပြောပြဖူးပါတယ် ၊ သူက ရှင့်ကို ပြောပြမှာ ပေါ့ ”
မက္ကဖိုင်သည် ထိုစကားကို ကြားယောင်လာသည် ။ လမ်းခရီးတွင် မိန်းမသားနှစ်ယောက်သည် ကုန်းပတ်၌ နှစ်နာရီခန့်  စကားကောင်းနေကြသည်ကို အမှတ်ရလာသည် ။ သူတို့ အနားသို့  ဖြတ်လျှောက်သည့်အခါ မစ္စက်ဒေဗီဆန်က သူ့ မိန်းမအား မရပ်မနား ပြောနေသည်ကို ကြားရသည် ။ စကားသံများသည် မိုးသီးမိုးပေါက်ပမာ တဝေါဝေါ ထွက်လာသည် ။သူ့ မိန်းမကား ပါးစပ်အဟောင်းသားနှင့် နားထောင်နေရသည် ။ ထခါတရံ မျက်လုံးပြူး မျက်ဆန်ပြူး ပင်ဖြစ်သွားသည်ကို သတိထားမိသည် ။ ထိုညတွင် သူ့ မိန်းမက ကြားခဲ့ရသည့် အကြောင်းစုံကို သူ့ အား ဖောက်သည်ချသည် ။ ထိတ်လန့် တုန်လှုပ်စရာ စကားများပင်ဖြစ်သည် ။
နောက်တနေ့  နံနက်တွင် မစ္စက်ဒေဗီဆန်က “ ကဲ ၊ ရှင်ကြားရောပေါ့ ၊ ကျွန်မပြောတာတွေထက် ထိတ်စရာ လန့် စရာ ကောင်းတာဘာ ရှိသေးလဲ ၊ ရှင်လဲ ဆရာဝန် ဆိုပေမယ့် ဆရာဝန်ကိုတောင် ကျွန်မ မပြောရဲတဲ့ စကားတွေပေါ့ရှင် ”
သူ့ စကားဘယ်မျှ ထိရောက်သည်ကို သိချင်စိတ်ဖြင့် မစ္စက်ဒေဗီဆန်သည် မျက်လုံးကို မှေးကာ မက္ကဖိုင်အား စိုက်၍ကြည့်နေသည် ။
“ အမယ်လေးရှင် ၊ ကျွန်မပြောတာ မယုံနိုင်စရာတောင် ရှိမှာမဟုတ်ဘူး ၊ ရောက်စတုန်းကဆိုယင် သူတို့ အလေ့အထတွေ တွေ့ ရကြားရတော့ ဘယ်လိုများ တုန်လှုပ်မှန်းမသိဘူး ၊ အခု ကျွန်မတို့ နေတဲ့ ကျွန်းက ရွာတွေမှာ အဲဒီတုန်းက မိန်းမကောင်း တယောက်မှ မရှိဘူးဆိုယင် ရှင်ယုံမလား ”
“ မိန်းမကောင်း ” ဆိုသည့်စကားလုံးကို အလေးအနက် ဖြစ်အောင် အသံကို မြှင့်လိုက်သည် ။
“ အဲဒါနဲ့ ဒေဗီဆန် နဲ့ ကျွန်မတို့ နှစ်ယောက်သား ခေါင်းချင်းရိုက်ကြရတာပေါ့ ၊ အဲအရေးကြီးဆုံးကတော့ ကပွဲပဲ ၊ သူတို့ ရိုးရာ အလေ့အထတွေ ထဲမှာက ဒါကိုသူတို့ အစွဲအလမ်း ဆုံးပဲ ၊ ဒီတော့ မကနဲ့ လို့ ပိတ်ပင်ဖို့ အရေးကြီးမှန်း သိလာတယ် ”
“ ကျွန်တော်တို့ လဲ ငယ်ငယ်ကတော့ ကခဲ့တာပါပဲ ခင်ဗျာ” မက္ကဖိုင်က ဆိုသည် ။
“ မနေ့ ညက သဘောင်္ပေါ်မှာ ရှင့်မိန်းမကို တပွဲလောက်ကဖို့ ခေါ်တာကြားလို့ ကျွန်မ ရိပ်မိပါတယ် ၊ ကိုယ့်မိန်းမနဲ့ ကိုယ် တွဲကတာတော့ ဘာအရေးကြီးသလဲရှင် ၊ ဒါပေမယ့် မနေ့ ညက ရှင့်မိန်းမက ငြင်းလိုက်တာ ကြားတော့ ကျွန်မစိတ်ထဲ ပေါ့သွားတယ် ၊ မနေ့ ညကလို အခြေအနေမျိုးမှာတော့ ကျွန်မတို့ တတွေဟာ ကိုယ့်သိက္ခာနဲ့ ကိုယ်နေဖို့ ကောင်းကြတယ် မဟုတ်လား ”
“ ဘယ်လိုခင်ဗျ ၊ှ မနေ့ ညက အခြေအနေမျိုး ၊ ဟုတ်လား ”
မစ္စက် ဒေဗီဆန် သည် ဖြတ်ကနဲ မက္ကဖိုင် ကိုကြည့်လိုက်သည် ။ သို့ သော်ရုတ်တရက် ဘာမျှမဖြေ ။
“ ဒါပေမယ့် ကျွန်မတို့ မျက်နှာဖြူတွေ အချင်းချင်းတောင် ကပွဲဆိုတာက စိတ်ကြိုက်ချင်း တူကြတာ မဟုတ်ဘူးရှင့် ၊ ဒီနေရာမှာတော့ ကျွန်မယောကျာ်းနဲ့  ကျွန်မတို့ ဟာ တသဘော တည်းပဲ ၊ မစ္စတာဒေဗီဆန်က ပြောတယ် ၊ ကိုယ့်မိန်းမဟာ သူများရင်ခွင်ထဲ ရောက်နေတာ ကို ဘေးက နေပြီး နကမ္ပတိ မတုန်လှုပ်တဲ့စိတ်နဲ့  လက်ပိုက်ပြီး ကြည့်နေနိုင်တဲ့ လင် ယောကျာ်း တွေရဲ့  သဘောထားကို သူနားမလည်နိုင်ဘူးတဲ့ ၊ ကျွန်မတကိုယ်တည်း အနေနဲ့ ဆိုယင် လက်ထက်ပြီးကတည်းက မကတော့ဘူး ၊ ဒါပေမယ့် သူတို့ တတွေ ကကြတာက တမျိုးရှင့် ၊ ကတာဟာ ရိုးရိုးဆိုပေမယ့် ဒါကနေပြီး အကျင့်မျက်သွားကြတာ ကိုး ၊ ဘုရားသခင် ဂုဏ်ကျေးဇူးလို့  အောက်မေ့ရမှာပဲ ၊ အခုတော့ ကျွန်မတို့ ပိုင်နက်မှာ မကကြတော့ပါဘူး ၊ နှစ်နှစ်လောက်ရှိပြီ ”
သူတို့ နှစ်ယောက် စကားကောင်းနေကြစဉ် သဘောင်္သည် ဆိပ်ကမ်းသို့ ဝင်လာသည် ။ သူတို့ နားသို့ မက္ကဖိုင်`၏ မိန်းမရောက်လာသည် ။ သဘောင်္လည်း တဖြည်းဖြည်း ဆိပ်ကမ်းသို့ ဝင်သည် ။ ဆိပ်ကမ်းမှာ ကုန်းပတ်ပတ်လည် ၀န်းရံထားသဖြင့် ကျယ်သည် ။ ရေတပ်သဘောင်္ တတပ်စာ စခန်းချနိုင်သည် ။ ဘေးတွင် ကုန်းမြင့်များရှိသည် ။ အ၀င်ဝ ကုန်းမြင့်တခုပေါ်တွင် ဥယျာဉ် ပန်းမန်အလယ်၌ ဘုရင်ခံ`၏ အိမ်တော် သည် တင့်တယ်စွာပင် ထီးတည်းတည်နေသည် ။ အလံတိုင်ထိပ်၌ ကြယ်ပြောက်များ လွင့်ပါးနေသည် ။ အမေရိကန် အလံတော်ပါတကား ။ သည့်နောက် ဗိုလ်တဲနှစ်ခုသုံးခု ဖြတ်ကျော်လိုက်လျှင် ပင်လယ်ကွေ့  ဘက်၌တည်နေသော ဆိပ်ကမ်းတခုသို့  သဘောင်္ဆိုက်တော့သည် ။
သဘောင်္ဆိပ်တွင် ကားကုန်ရုံများ အပြည့်ရှိနေသည် ။ မလှမ်းမကမ်းတွင် မော်တော်တစီးရှိသည် ။ ယင်းမှာ သူတို့ တသိုက်ကို အေပီယာ ကျွန်းသို့ သယ်ဆောင်မည့် ယာဉ်ကူးတို့ ဖြစ်ကြောင်း မစ္စက်ဒေဗီဆန်က ရှင်းပြသည် ။ သဘောင်္ဆိပ်တွင် လူမျိုးစုံစည်းကားလှသည် ။ သဘောင်္သား များထံ ပစ္စည်းဖလှယ်ရန် လာကြသည့်ကျွန်းသားများမှာ လူများစုဖြစ်သည် ။နာနတ်သီး ၊ ငှက်ပျောသီး ၊ ခရုခွံ ၊ ယောက်သွားခွံ ၊ ပုတီးမျိုးစုံ ။ သည် ပစ္စည်းများကား ကုန်ဖလှယ်သည့် ဒေသထွက်ပစ္စည်းများ ဖြစ်သည် ။ အမေရိကန် သဘောင်္သားများကိုလည်း သူတို့ အသိုက်တွင် မြင်နေရသည် ။ တချို့ ကားအရာရှိများ ဖြစ်သည် ။မက္ကဖိုင် လင်မယားနှင့် မစ္စက်ဒေဗီဆန် တို့ သည် သဘောင်္ဆိပ်တွင် လှုပ်လှုပ်ရွရွ ဖြစ်နေသော ပရိသတ် ကို ကြည့်နေကြသည် ။ သူတို့ ပစ္စည်းများကား အောက်သို့ ရောက်သွားပြီ ။
ကျွန်းသားများမှာ ရောဂါ ထူပြောကြသည် ။ သဘောင်္သို့  ရောက်လာကြသည့် ပရိသတ်တွင် အနာခွက် ရောဂါသည်များ ၊ ဆင် ခြေထောာက် ရောဂါသည် များ ကို ဒေါက်တာမက္ကဖိုင် ဂရုစိုက်ကြည့်မိသည် ။အချို့ ကား ခြေထောက်ကြီးကို တရွတ်ဆွဲ သယ်ဆောင်ကာ လျှောက်နေကြရသည် ။အထူးသဖြင့် ကလေးငယ်များသည် ပို၍ ရောဂါထူပြော ဟန်တုသည် ။ အရွယ် ရောက်သူ ယောကျာ် မိန်းမတို့ ကား လာဗာလာဗာ ဟုခေါ်သည့် မလုံတလုံ အ၀တ်အစား များကို ၀တ်ဆင်ထားကြ`၏ ။
“ အရှက် အကြောက်ကင်းမဲ့ တဲ့ ဆင်ယင်မှုပါပဲရှင် ၊ မစ္စတာဒေဗီဆန် ကတော့ အဲဒီဝတ်စားဆင်ယင်မှုကို ဥပဒေ နဲ့ တားမြစ်ရမယ်လို့  .ယူဆတယ် ၊ ဒါမှလဲ ဖြစ်မှာပေါ့ ၊ သူတို့ ခါးမှာ တထွာလောက်ရှိတဲ့ အ၀တ်စနီနီလေး ပတ်ထားတဲ့လူတွေကို အကျင့်စာရိတ္တ ကောင်းလာအောင် လုပ်ဖို့ ဘယ်မှာ မျှော်လင့်လို့ ရနိုင်ပါ့မလဲ ၊ မဟုတ်လား ”
မက္ကဖိုင်မျက်နှာတွင် ချွေးများစိုရွဲနေသည် ။ ချွေးသုတ်ယင်း မက္ကဖိုင်က “ ဒီကရာသီဥတုနဲ့ တော့ အဲဒီအ၀တ် တွေမှပဲ ဖြစ်မှာပေါ့ ခင်ဗျာ ” ဟုဆိုသည် ။
သူတို့ အားလုံး ကမ်းပေါ်တက်ကြသည် ။ မနက်ပိုင်းပင် ဖြစ်သော်လည်း နေသည် စပ်ဖျဉ်းဖျဉ်း ပူသည် ။ မပူလျှင် ခံနိုင်ရိုးလား ၊ ပါဂိုပါဂိုမှာ တောင်ကုန်းလေးများ ပတ်ရံထားသည့် ကျွန်းဖြစ်သည် ။ လေတစက်မျှ မတိုက် ။ အရံအတားများလှသည် ။
“ ကျွန်မတို့ ကျွန်းတွေမှာဆိုယင် ” မစ္စက်ဒေဗီဆန် `၏ အသံသည် စူးလာသည် ။ “ လာဗာလာဗာ ကို ဘယ်သူမှ မ၀တ်ကြတော့ဘူး ၊ လုံးလုံးကို ပျောက်သွားပြီ ၊ သက်ကြီးရွယ်အိုတွေပဲ ၀တ်ကြတော့တယ် ၊ မိန်းမတွေ ဆိုယင် သီလရှင်ဝတ်ရုံကြီးမျိုးတွေ ၀တ်လာကြတယ် ၊ ယောကျာ်းတွေက ဘောင်းဘီရှည် ၀တ်လာတယ် ၊ ရောက်စတုန်းက စောစောပိုင်းမှာ ပေါ့ ၊ ဒီကျွန်းသားတွေကို ခရစ်ယာန်ဖြစ်အောင် လုပ်ဖို့ မလွယ်လှဘူး ၊ တခုပဲ ရှိတယ် ၊ ဆယ်နှစ်အထက် ယောကျာ်းလေးတွေကို ဘောင်းဘီဝတ်အောင် လုပ်နိုင်ယင် သူတို့ ခရစ်ယာန်ဖြစ်လာကြမှာ ပဲလို့ မစ္စတာဒေဗီဆန်က အစီရင် ခံစာတစောင် ရေးဖူးတယ် ”
စကားပြောနေစဉ် မိုးတိမ်တအုပ် တက်လာသည်ကို မစ္စက်ဒေဗီဆန် သတိထားလိုက်မိသည် ။ ချက်ချင်းပင် မိုးတပေါက်နှစ်ပေါက် ကျလာသည် ။
“ ခဏ မိုးခိုလိုက်ကြယင် ကောင်းမယ် ”
သူတို့ သည် အခြားလူအုပ်နှင့် အတူ သွပ်မိုးကြီး တခုအောက်သို့  ရောက်သွားသည် ။ သွပ်မိုးပေါ်သို့  မိုးကျသံသည် နားမခံသာအောင် ဆူညံသည် ။ ခဏကြာလျှင် သူတို့ ဆီသို့  မစ္စတာ ဒေဗီဆန် ရောက်လာသည် ။ ဒေဗီဆန်ကား လူတမျိုးဖြစ်သည် ။ လမ်းခရီးတလျှောက်လုံးတွင် မက္ကဖိုင် လင်မယားနှင့် ယဉ်ကျေး သိမ်မွေ့ စွာ ဆက်ဆံသည် ။ သို့ သော်လည်း သူ့ မိန်းမလိုကား ဟက်ဟက်ပက်ပက် မရှိလှ ၊ အရောတ၀င် မဟုတ် ၊ အချိန်ရှိသရွေ့ စာအုပ်နှင့်မျက်ခွက် အပ်လျက်သာ နေလေ့ရှိသည် ။ သူသည် အများနှင့် ရောရော နှောနှော နေလေ့မရှိ ။ စကားနည်းသည် ။ မျက်နှာ ထားမှာ မှုန်တေတေ ဖြစ်သည် ။ သူ`၏ ဖော်ရွေမှုသည်ပင် ခရစ်ယာန် တယောက်ဖြစ်၍ သာပြရသော ဖော်ရွေမှုမျိုး ဖြစ်ဟန်တူသည်ဟု ထင်ရသည် ။
တယောက်တည်း နေတတ်သည်မှာ သူ့ သဘောဝပင် ဖြစ်သည် ။ အရပ်ရှည်ရှည် ၊ ပိန်ပိန်ပါးပါး ။ ခြေတံကြီးများမှာ ပို၍ရှည်သည် ။ လမ်းသွားလျှင် ဆတ်တောက် ဆတ်တောက်သွား သည် ။ မျက်နှာတွင် ပါးရိုးငေါနေအောင် ထွက်သည် ။ သူ့ ဆံပင်သည် သူများထက်ရှည်သည် ။ မျက်လုံးအိမ်သည်လည်း သူများထက်ပို၍ ကြီးသည် ။ သူငယ်အိမ်မှာ နက်မှောင်သည် ။ လက်ဖ၀ါး မှ လက်ချောင်းကြီးများ ကားထွက်နေသည်။ သူ့ ကို ကြည့်ရသည်မှာပင် အားရစရာကောင်းလှသည် ။ သို့ သော် လည်းသူ့ အမူအရာအားလုံး မှာ တစုံတခုကို ချုပ်ထိန်းထားရသည့် အမူအရာမျိုး ဖြစ်သည် ။ ယင်းမှာ အံ့သြစရာကောင်းလှသည် ။ သူနှင့် ရင်းနှီးဖို့ ကား မလွယ်လှ ။
သူ့ ထံမှ မမျှော်လင့် စကားတခု ကြားရသည် ။ စိတ်အနှောင့်အယှက် ဖြစ်စရာပင် ။ စိတ်အနှောင့် အယှက် ဖြစ်စရာပင် ။ ကျွန်းပေါ်တွင် ၀က်သက်ပေါက်နေသည် ။ ၀က်သက်ရောဂါ မှာ ကျွန်းသားများ ဖြစ်သည့် “ ကနာကာ ” လူမျိုးတို့ တွင် အလွန်အသေအပျောက် များသည် ။ ကပ်ရောဂါ တခုဖြစ်သည် ။ ယခုကား သူတို့ အားလုံးကို အေပီယာ သို့ သယ်ဆောင်သွားမည့် မော်တော်မှ သဘောင်္သားတယောက် ၀က်သက်ပေါက်နေသည် ။ ထိုသဘောင်္သားကို ဆေးရုံတင်ထားရသည် ။ သဘောင်္သားအားလုံး ရောဂါမကူးစက်ဟု သေချာမှ သာ မော်တော်ကို အေပီယာသို့ ဆိုက်ကပ်ခွင့်ပြုမည်ဟု သံကြိုးလာသည် ။
“ ဒီလိုဆိုတော့ ဒီမှာ အနည်းဆုံး ဆယ်ရက်လောက် နေရမယ့် သဘောပဲ ”
“ အေပီယာက ကျွန်တော်ကို သိပ်ရောက်စေချင်တာ ” မက္ကဖိုင်က ဆိုသည် ။
“ ဘယ်တတ်နိုင်မလဲ ၊ သဘောင်္ပေါ်မှာ ၀က်သက်မရှိတော့ဘူး ဆိုတောင် မျက်နှာဖြူတွေပဲ လိုက်ခွင့်ပြုမှာ ၊ ကျွန်းသားတွေကိုတော့ သုံးလ ကူးသန်းခွင့်ပြုတော့မှာ မဟုတ်ဘူး ”
“ ဒီမှာ ဟိုတယ်ရှိလား ” မစ္စက်မက္ကဖိုင် ကမေးသည် ။
ဒေဗီဆန် `၏ ရယ်သံတိုးတိုး ကြားရသည် ။
“ မရှိဘူး ”
“ ဒါဖြင့် ဘယ်လိုလုပ်မလဲ ”
“ ဘုရင်ခံ ပြောခဲ့ ပြီးပြီ ၊ ဒီလိုလေ ၊ ဒီက ကမ်းနားမှာ အခန်းငှား စားတဲ့လူ တယောက်ရှိတယ် ၊ အခု မိုးတိတ်ယင် သွားကြည့်ကြတာပေါ့ ၊ ဟန်ကျပန်ကျ နေရဖို့ တော့ မမျှော်လင့်နဲ့  ၊ အိပ်စရာ နေရာနဲ့  မိုးလုံလေလုံ အခန်းလေးတခု ရယင်ပဲ တော်လှပြီ မှတ် ”
မိုးကားစဲဖွယ် မမြင် ။ ထို့ ကြောင့် ထီး၊ မိုးကာ အကျီင်္ တို့ ဖြင့် ထိုနေရာမှ ထွက်ခဲ့ကြသည် ။ ကျွန်းကလေးတွင် မြို့ ဟူ၍မရှိ ။ အရာရှိများ နေကြသည့် အိမ်ကလေးများ ဟိုတစု သည်တစု သာရှိသည် ။ကုန်ရုံများ နောက် အုန်းခြံအလယ်၌ ကျွန်းသားများ`၏ တဲကလေးများ ရှိသည် ။သူတို့ တည်းခိုမည့် အိမ်သို့  ငါးမိနစ် ခန့် လျှောက်ရသည် ။ အိမ်မှာ နှစ်ထပ်အိမ် ။ အိမ်ရှေ့ တွင်ဝရန်တာ ကျယ်ကျယ်ရှိသည် ။ အမိုးကား သွပ်မိုးဖြစ်သည် ။ ပိုင်ရှင်`၏ နာမည်မှာ ဟွန်း ဖြစ်သည် ။ သူသည် ကပြားဖြစ်သည် ။ ကျွန်းသူ တယောက်ကို ယူထားသည် ။ ညိုမည်းမည်း ကလေးနှစ်ယောက် ရှိနေပြီ ။ သူတို့ သည် အောက်ထပ်အခန်းတခုတွင် နေကြသည် ။ ထိုအခန်းကား ရောင်းချစရာပစ္စည်း များထားသည့် စတိုခန်းပင် ဖြစ်သည် ။ သူ့ ခြံထွက်စည်သွပ် ဗူးနှင့် ကျွန်းဖြစ် အ၀တ်အထည် တို့ ဝယ်နိုင်သည် ။ သူတို့ နေရမည့်အခန်း တွင် အိမ်တောင်ပရိဘောဂ မရှိ ။ မက္ကဖိုင် လင်မယား တည်းခိုရ မည့်အခန်းတွင် အိပ်ရာတခု ၊ ခြင်တောင်တခု ၊ နော်နီနော်နဲ့ ကုလားထိုင် တခု ၊ မျက်နှာသစ်ကန် တခုသာရှိသည်။ စိတ်ပျက် လက်ပျက် နှင့် ဟိုဟို သည်သည် ကြည့်မိသည် ။ မိုးကား ငြိုးမာန်တကြီး ရွာချနေသည် ။ မစဲသေး ။
“ ကျွန်မတော့ လိုတာလေးတွေပဲ ဖြည့်မယ် ”
မစ္စက်မက္ကဖိုင်က စိတ်ပျက်လက်ပျက် ပြောသည် ။
သူ့ သေတ္တာကို ဖွင့်နေစဉ် မစ္စက်ဒေဗီဆန် ၀င်လာသည် ။ သူ့ အမူအရာမှာ ဖျက်လတ်လှသည် ။ အခြေအနေကြောင့် စိတ်ပျက်ဟန် မတူ ။
“ အပ်နဲ့ အပ်ချည်သာ ရှာပါရှင် ၊ ပြီးတော့ ရှင်တို့ ခြင်တောင်စုတ်ကို ဖာထေးလိုက်၊ ဒါမှမဟုတ်ယင် ဒီည တမှေးမှ အိပ်ရမှာ မဟုတ်ဘူး ”
“ ခြင်အတော် ကိုက်သလားဗျ ”
ဒေါက်တာ မက္ကဖိုင်က စူစမ်းသည် ။
“ ဒီရာသီက ခြင်ပေါတဲ့ ရာသီရှင့် ၊ အေပီယာ ရောက်တော့ ရှင် တွေ့ ရလိမ့်မယ် ၊ အဲဒီမှာ အစိုးရ အိမ်တော်က ပါတီဖိတ်လို့ သွားယင် အမျိုးသမီး တွေအတွက် ခေါင်းအုံးစွပ်လို အိတ်ရှည်ကြီးတွေ ပေးတယ်၊ ခြေထောက်နှစ်ချောင်း ကို ခြင်ရန်က ကာကွယ်ရအောင် စွပ်ထားဖို့ လေ ”
“ အေးဗျာ ၊ ခဏလေးလောက် မိုးစဲသွားယင် ကောင်းမှာပဲ ၊ နေလေးများ ထွက်လာလိုက်ယင် ဘယ်လောက်ကောင်းမလဲ ”
“ အမယ်လေး ၊ မိုးစဲအောင် စောင့်ဖို့ တော့ မမျှော်လင့်ပါနဲ့ ၊ ပါဂိုပါဂို ဟာ ပစိဖိတ်ဒေသမှာ မိုးအများဆုံး ဒေသတခုပဲ ၊ တွေ့ ရဲ့ လား ၊ ဟောဟိုက တောင်ကုန်းတွေ ၊ ပြီးတော့ ပင်လယ်အော်ကလေး ၊ မိုးကို ဖိတ်ခေါ်နေတဲ့ ပထ၀ီဝင်လေ ၊ ပြီးတော့ ဒီအချိန်က တနှစ်လုံးမှာ မိုးအများဆုံးအချိန်ရှင့် ”
မက္ကဖိုင်`၏ မိန်းမဘက်သို့  လှည့်ကြည့်လိုက်ပြန်သည် ။ မစ္စက်မက္ကဖိုင် စိတ်ပျက်လက်ပျက် ဖြစ်နေသည်ကို မြင်ရသဖြင့် အားပေးမှ ဟု သဘောရလာသည် ။ ပစ်စလက်ခတ် နေတတ်သူများကို တွေ့ ရသည့်အခါ မစ္စက်ဒေဗီဆန် စိတ်တိုလာသည် ။ သည်းမခံနိုင် ဖြစ်လာသည် ။ ထို့ ကြောင့် ပစ္စည်းများကို နေသားတကျဖြစ်အောင် ကူညီလုပ်ကိုင်ပေးသည် ။
“ ကဲ.. ကဲ ၊ ရှင့်အထုပ်အပိုး တွေ ဖြေနေတုန်း ကျွန်မက ရှင်တို့ ခြင်ထောင်စုတ်ကို ဖာပေးမယ် ၊ ထမင်းစားဖို့  အသင့်ဖြစ်နေပြီ ၊ ဒေါက်တာ မက္ကဖိုင်က သဘောင်္်ဆိပ်သွားပြီး ရှင်တို့ ပစ္စည်းတွေ မိုးလွတ်တဲ့နေရာမှာ ထားရဲ့ လားဆိုတာ ကြည့်ချေပေါ့ ၊ ဒီက ကျွန်းင်္းသားတွေကတော့ သိပ်ပြီးတာဝန်ကျေတယ် ၊ ဒီလိုပဲရှင့် ၊ မလိုမှဖြစ်တတ်တာမျိုး ၊ သူတို့ က နည်းနည်းလေး ဂရုမစိုက်လိုက်ဘူးဆိုယင် မိုးထဲမှာပဲ ရှင့်ပစ္စည်းတွေ ပစ်ထားလိုက်မှာပဲ ”
မက္ကဖိုင်သည် မိုးကာအင်္ကျီကို ရုံကာအောက်ထပ်သို့  ဆင်းသွားသည် ။ အောက်ထပ် အခန်းဝတွင် မစ္စတာ ဟွန်းသည် သူတို့ စီးလာခဲ့သော သဘောင်္မှ ဘဏ္ဍာစိုးနှင့် စကားပြောနေသည် ။ ဘဏ္ဍာစိုးနှင့် အတူ ဧည့်သည် တယောက်ပါလာသည် ။ ထိုသူမှာ ဒုတိယတန်း ခရီးသည်တယောက် ဖြစ်သည် ။ သူ့ ကို သဘောင်္ပေါ်တွင် ခဏခဏ တွေ့ ဖူးသဖြင့် မျက်နှာကို ကျက်မိနေပြီ ၊ ဘဏ္ဍာစိုးကား ပိန်ရှု့ ရှု့ ဖြစ်သည် ။ မက္ကဖိုင် ဖြတ်သွားသည့်အခါ ခေါင်းဆတ်၍ နှုတ်ဆက်သည် ။
“ ၀က်သက်ပေါက်လိုက်တာ ဆိုးတာပဲ ဒေါက်တာ ၊ ဒေါက်တာ တို့ နေရာထိုင်ခင်း ပြည့်စုံကြပြီပေါ့ ”
မက္ကဖိုင်မှာ ဘဏ္ဍာစိုးနှင့် ရင်းနှီးသလို ရှိသော်လည်း ကောင်းကောင်း စကားမပြောချင်လှ ။
“ ဟုတ်ကဲ့ ၊ အပေါ်ထပ်မှာ အခန်းရပါတယ် ”
“ ဟောဒီက မစ္စသွမ်မဆန်လဲ ဒေါက်တာတို့ နဲ့ အတူ အေပီယာကို လိုက်မှာပဲ ခင်ဗျ ၊ တည်းခိုစရာ မရှိလို့ ခေါ်လာခဲ့တာ ”
ဘဏ္ဍာစိုးဘေးတွင် ရပ်နေသူမှာ အသက် နှစ်ဆယ့်ခုနစ်နှစ်ခန့် ရှိမိန်းမ တယောက် ဖြစ်သည် ။ ကိုယ်လုံးကိုယ်ထည် ခပ်ဖွံဖွံ ။ ဆင်ယင်မွမ်းမံ ထားသဖြင့် လှသလိုလို ။ ဂါဝန်အဖြူ ၀တ်ကာ ဦးထုပ်ဖြူကြီး ဆောင်းထားသည် ။ ခြေသလုံးသားများသည် ခြေအိတ်ဖြူ ကိုဖောက်ထွင်းကာ ခုံးကြွထွက်နေသည် ။ မက္ကဖိုင်ကို ဖိတ်ခေါ်သည့် အပြုံးမျိုးဖြင့် ပြုံးပြသည် ။
“ ဒီအခန်းကျဉ်းလေးကို တနေ့ တဒေါ်လာခွဲ ပေးရမတဲ့ရှင် ”
မစ္စသွမ်မဆန် `၏ အသံသည် စူးရှသည် ။
ဟွန်းကား ပြုံး၍သာ နေသည် ။
“ မစ္စက်ဟွန်း မေးကြည့်သေးတာပေါ့ဗျာ ။ ဘယ်လောက်လျှော့ နိုင်မလဲလို့ ”
“ အိုး … ၊ ဒီအခန်းလေးများတော့ရှင် ၊ ဒီလိုလုပ်းပါ ၊ တဒေါ်လာပဲပေးနိုင်မယ် ၊ ဒါထက်တော့ တပြားမှ ပိုပြီး မပေးနိုင်ဘူး ”
ဒေါက်တာ မက္ကဖိုင် ပြုံးလိုက်သည် ။ရဲတင်းလှသည့် အမူအရာကို သူသဘောကျသည် ။ သူဆိုလျှင်ကား တောင်းသမျှ ပေးလိုက်သည် ။ဈေးဆစ်သည်ကို ၀ါသနာ မပါ ။ ဟွန်း`၏သက်ပြင်းချသံကို ကြားလိုက်ရသည်။
“ ဟောဒီက မိတ်ဆွေကြီးကြောင့် လက်ခံလိုက်ပါမယ်ဗျာ ”ဟွန်းက လျှော့ပေးလိုက်သည် ။
“ ကဲ မတ်တတ်ကြီး ၊ ၀င်ကြ ပါဦးလား ” မစ္စသွမ်မဆန်က ဖိတ်ခေါ်လိုက်သည် ။
“ ကျွန်တော်ပစ္စည်း တွေဆီ သွားပြီး ကြည့်ဦးမယ် ၊ ကျေးဇူး တင်ပါတယ်ဗျာ ” မက္ကဖိုင်က ငြင်းသည် ။
ပြီးလျှင် မိုးထဲသို့ ထွက်ခဲ့သည် ။ မိုးကားမတိတ်သေး ။ ရှေ့ တွင် ဘာမျှမမြင်ရ ။ ကမ်းတွင် ကျွန်းသား နှစ်ယောက်သုံးယောက် ကိုတွေ့ ရသည် ။ မလုံတလုံ လာဗာလာဗာ များကို ၀တ်ထားကြသည် ။သူကို ပြုံးကာရယ်ကာ သူတို့ ဘာသာ စကားဖြင့် နှုတ်ဆက်သည် ။ ဘာပြောမှန်း သူနားမလည် ။ နှုတ်ဆက်စကား ဆိုသည်ဟူ၍ သာသာမာန် အားဖြင့် မှတ် ထား လိုက်သည် ။ သူတို့ ကား အေးအေး ဆေးဆေး လမ်းလျှောက်နေကြ သူများဖြစ် သည် ။ တစိမ့်စိမ့် ရွာနေသည့်မိုးကိုပင် အမှုမထားကြ။
မက္ကဖိုင် ပြန်ရောက်ချိန်မှာ ထမင်းစားချိန် ဖြစ်သည် ။ ဟွန်း`၏ ဧည့်ခန်းတွင် ထမင်းပွဲပြင်ထားသည်။ ဧည့်ခန်းဆိုရသော်လည်း ဟန်ကျပန်ကျ မဟုတ်။ သို့ သော်လည်း အပြင်အဆင် အမွမ်းအမံ ကားရှိသည် ။ မိုးမပြတ်သည့် ဒေသမို့  အောက်သိုးသိုး အနံ့ ကား မပျောက် ။ ထုံထုံ ထိုင်းထိုင်း ပတ်ဝန်းကျင်ပင်တည်း ။ သူရောက်သည့်တိုင် ဒေဗီဆန် မရောက်လာသေး ။
“ ဘုရင်ခံနဲ့  တွေ့ နေတယ် ထင်တယ် ၊ ဟိုမှာတောင် ထမင်းစား မလားးမသိဘူး ” မစ္စက်ဒေဗီဆန်က ထင်ကြေးပေးသည်။
ဟမ်ဗာဂါးဟု ခေါ်သည့် ပေါင်မုန့် အသားညှပ် ကျွေးသည် ။ ဟွန်းသည် အနားတွင်စောင့်ကာ လိုသည်ကို ပေးရန် ကြည့်နေသည် ။
“ ကျွန်တော်တို့ နဲ့ အတူ တည်းခိုတဲ့ ဧည့်သည်တယောက်ရှိသေးတယ် မဟုတ်လား မစ္စတာဟွန်း ” မက္ကဖိုင်က မစ္စသွမ်မဆန်ကို ရည်ရွယ်၍ မေးလိုက်သည် ။
“ အခန်းငှားရုံပါပဲ ခင်ဗျာ၊ သူ့ ထမင်းသူ ယူစားမယ်တဲ့ ”
ဟွန်းက အမျိုးသမီး နှစ်ယောက်ကို ကြည့်လိုက်သည် ။
“ သူ့ ကို အောက်ထပ်မှာ ထားတာ က ဘယ်သူမှ အနှောင့်အယှက် မဖြစ်ရအောင်လို့  ”
“ သဘောင်္ပေါ်အတူပါလာနဲ့ ခရီးသည်ထဲကလား ” မစ္စက်မက္ကဖိုင် မေးသည် ။
“ ဟုတ်ပါတယ်ခင်ဗျား ၊ ဒုတိယတန်း ခရီးသည်ပါ ၊ သူလဲ အေပီယာကို သွားမလို့  ၊ ဟိုမှာ ငွေကိုင်စာရေး လုပ်မလို့ ဆို ထင်ပါရဲ့  ”
“ အိုး … ဟုတ်လား ”
ဟွန်းထွက်သွားသည့်အခါ မက္ကဖိုင်က စကားစသည် ။
“ ကိုယ်အခန်းထဲကိုယ် ထမင်းယူစားရတာ ဘယ်အရသာရှိမလဲ ဗျာ ၊ ပျင်းစရာကောင်းမှာပေါ့ ”
“ ဒုတိယ တန်းခရီးသည် ဆိုတော့ ဘယ်သူပါလိမ့် ၊ ကျွန်မ မှန်းကြည့်နေတယ် ” မစ္စက်ဒေဗီဆန်`၏ အသံဖြစ်သည်။
“ သူ့ နာမည်က သွမ်မဆန်တဲ့ ၊ ဟွန်းဆီကို ဘဏ္ဍာစိုးခေါ်လာတုန်းက ကျွန်တော် ရှိတယ်ခင်ဗျာ ”
“ ဒါဖြင့် နောက်ဆုံးညက အိုးသူကြီးနဲ့ အတူ တွဲကတဲ့ မိန်းမ ဖြစ်မှာ ပေါ့ ”
“ သူဖြစ်မှာပဲ ၊ ဘယ်လိုမိန်းမလဲလို့  အဲဒီတုန်းကတည်းက စဉ်းစားနေတာ ၊ ကျွန်မစိတ်ထဲတော့ ဒီမိန်းမဟာ ခပ်ပျံပျံထဲက ဖြစ်မှာပဲ ”
“ ကြည့်ရတာ တယ်ဟန်ပုံမရပါဘူး ”
သို့ နှင့် ထွေရာလေးပါး ပြောကာ ထမင်းစားအပြီးတွင် စောစောစီးစီး လူချင်းခွဲကာ အိပ်ရာသို့  ၀င်ကြသည် ။အိပ်ရာမှ နိုးလျှင် မိုးတိတ်နေသည်ကို တွေ့ ရသည် ။ သို့ သော်လည်း ကောင်းကင်ကား ကြည်ကြည်လင်လင် မရှိလှ ။ မိုးတိမ်များ အုံ့ ဆိုင်းနေသည် ။ သူတို့ သည် ပင်လယ်အော်တလျှောက်တွင် အမေရိကန်တို့  ဖောက်ထားသည့် လမ်းမကြီး အတိုင်း ခြေညောင်းလက်ဆန့် ဆိုသလို လမ်းလျှောက်ထွက်ခဲ့ကြသည်။
အပြန်တွင်ကားဒေဗီဆန် ရောက်နေပြီကို တွေ့ ရသည် ။
“ ဒီမှာ နှစ်ပတ်လောက်ကြာမယ် ၊ စိတ်ပျက်စရာကြီးပဲ ၊ ဘုရင်ခံနဲ့  ဘယ်လိုမှ ပြောလို့ မရဘူး ၊ သူလဲ ဘာမှ မတတ်နိုင်ဘူးတဲ့ ” ဒေဗီဆန် စိတ်ရှုပ်နေသည် ။
“ မစ္စတာ ဒေဗီဆန် တို့ ကတော့ သူ့ အလုပ်ကိုပဲ စိတ်စောနေတာရှင့် ” ဒေဗီဆန်ကတော်က သူ့ ယောကျာ်း ကိုကြည့်ယင်း ပြောသည် ။
ဒေဗီဆန်သည် ၀ရန်တာတွင် ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက်နေသည် ။
“ ကျွန်တော်တို့  အေပီယာက ခွာခဲ့တာ တနှစ်လောက်ရှိနေပြီ ၊ ကျွန်းသား သာသနာပြုတွေ လက်ထဲ အပ်ထားခဲ့ရတာပဲ ၊ သူတို့ က သိပ်စိတ်ချရတာ မဟုတ်ဘူး ၊ သူတို့ တတွေဟာ လူကောင်းတွေ ၊ ဘုရားသခင်ဒဏ်ခတ် ခံရမှာ ကြောက်တဲ့လူတွေ ၊ ဘုရားတရား ကြည်ညိုတဲ့ လူတွေ ၊ တကယ်ခရစ်ယာန်တွေ ဆိုတာ ဟုတ်ပါတယ် ၊ ဒါပေမယ့် တကယ်တမ်း ကျတော့ တက်တက်ကြွကြွ မရှိလှဘူး ၊ ထက်ထက်သန်သန် မလုပ်နိုင်ကြဘူး ၊ အရေးကြုံပြီဆိုယင် တခါ နှစ်ခါလောက်တော့ သက်လုံကောင်းကြပါရဲ့  ၊ ဒါပေမယ့် တကယ့်အရေးကျတော့ မခံနိုင်ကြတော့ဘူး ၊ ကြာတော့လျော့လျည်းလျော့လျဲ ဖြစ်လာတာပဲ ”
ဒေဗီဆန်သည် ၀ရန်တာတွင် မလှုပ်မရှား ရပ်နေုသည် ။ သူ့ ကိုကြည့်ရသည်မှာပင် အားတက်စရာ ကောင်းလှသည် ။ သူ့ စကား ၊ သူ့ အသံ ၊ သူ့ အမူအရာတို့ မှာ ထက်သန်လှသည် ။ သူ့ လုပ်ငန်းကို သူသစ္စာရှိကြောင်း ယုံမှားစရာ မလိုတော့ ။
“ သစ်ပင်တပင်ဟာ အကိုင်းအခက်တွေ ခြောက်ပြီး သေသွားပြီ ဆိုယင် ခုတ်လှဲပြီး မီးရှိ့လိုက်ရုံပဲ ၊ လုပ်ငန်းမှာလဲ ဒီလိုပဲ ဖြစ်ရမယ် ၊ ကျွန်တော်တော့ ဒီအတိုင်း လုပ်ရမှာပဲ ”
ညနေပိုင်းတွင် လက်ဖက်ရည် သောက်ပြီးနောက် အခန်းထဲတွင် လင်မယားနှစ်စုံတွဲ ၀ိုင်းဖွဲ့ ထိုင်နေကြသည် ။ မိန်းမနှစ်ယောက်မှာ လုပ်စရာ ရှိသည့် ဗာဟီရ တို့ ကို လုပ်နေုသည် ။ ဒေါက်တာ မက္ကဖိုင်ကား ဆေးတံကို မီးညှိနေုသည် ။ ဒေဗီဆန်သည် သူ့  လုပ်ငန်းကို စားမြုံ့ ပြန်သည် ။
“ ကျွန်တော်တို့  အဲဒီကျွန်းတွေ ရောက်သွားတုန်းက ကျွန်းသားတွေရဲ့  စိတ်ထားတွေဟာ အင်မတန် ရိုင်းတာပဲ ၊ ကုသိုလ် အကုသိုလ် မခွဲနိုင်ဘူး ၊ ပညတ်ချက်မှန်သမျှ ချိုးဖောက်ဖို့ ဝန်မလေးဘူး ၊ သူတို့ အပြုအမူဟာ ဘုရားသခင် မကြိုက်တဲ့ အပြုအမူဆိုတာ လုံးလုံးမရိတ်မိကြဘူး ၊ အခက်တကာ့ အခက်ဆုံးအလုပ်ကတော့ ကုသိုလ်စိတ် ၊ အကုသိုလ်စိတ် ကို သူတို့ ရင်ထဲစိမ့်ဝင်အောင် သွင်းပေးရတဲ့ အလုပ်ပဲ ”
ဒေဗီဆန်သည် ဆော်လမွန်ကျွန်းစု တွင် သာသနာပြု လုပ်ငန်းလုပ်နေသည် မှာ ငါးနှစ်ရှိခဲ့ပြီ ။ ယင်းနောက်တွင်မှ အိမ်တောင်ပြုခြင်းဖြစ်သည် ။ သူ့ မိန်းမကား တရုတ်ပြည်တွင် တာဝန်ကျသည် ။
သူ တို့ နှစ်ယောက်သည် ဗော့စတွန် သာ သနာပြု ညီလာခံတခု၌ တွေ့ ကြသည် ။ လက်ထပ်ပြီး နောက်ဤ ကျွန်းစုသို့ ပို့ လိုက်ခြင်းပင်ဖြစ်သည် ။
ဒေဗီဆန် `၏ ပြောဆိုပြုမူ လုပ်ကိုင်ပုံ အရဆိုလျှင် တခုကိုကား သေသေချာချာ အကဲခတ်၍ရသည် ။ ယင်းမှာ သူ`၏မလျှော့သော လုံ့ လနှင့်အနိုင်မခံ အရှုံးမပေးစိတ်ပင် ဖြစ်သည် ။ သူသည် ဆရာဝန်သာသနာပြု ဖြစ်သည် ။သို့ ဖြစ်ရာ အချိန်မရွေး အကူအညီလိုသည့် နေရာသို့ သွားရမည်မှာ သေချာသည် ။ ပစိဖိတ်ဒေသလို လှိုင်းလေကြီးသည့် ဒေသမျိုးတွင်သဘောင်္ငယ်လေးပင် လှိုင်းလေအကြား၌ စိတ်မချရ ။ သို့ ငြားလည်း ဒေဗီဆန်သည် လှေငယ်တက်ငယ်ကလေး ဖြင့်လိုသည့်အရပ်သို့ သွားရသည် ။ အသက်ကို ဖက်နှင့် ထုပ်ထားရသည့် အလုပ်မျိုး ဖြစ်သည် ။ ဒေဗီဆန် သေလေပြီလား ၊ ရှင်လေပြီလား မသိရသည့် အကြိမ်ပေါင်း များလှပြီ ။ သူ့ မိန်းမမှာ ရင်တမမနှင့် ဘုရားသခင် ဂုဏ်ကျေးဇူးကို အောက်မေ့ကာ နေရသည် ။ စွန့် စားခန်းများကား ပြောမကုန်နိုင်အောင် များလှသည် ။
“ မသွားပါနဲ့  ၊ လှိုင်းလေငြိမ်မှ သွားပါလို့  တားရတဲ့အကြိမ်ပေါင်း လဲများလှပါပြီရှင် ၊ ဒါပေမယ့် ကျွန်မစကားကို သူနားမထောင်ပါဘူး ၊ သူဟဟာ သိပ်ခေါင်းမာတာပဲ ၊ လုပ်မယ်လို့ ဆုံးဖြတ်ပြီးယင် ဘယ်သူတားတား မရတော့ဘူး ၊ လုပ်တော့တာပဲ ၊ သွားတော့တာပဲ ”
“ ဘုရားသခင် ဂုဏ်ကျေးဇူး ကို ယုံကြည်ကြပါလို့ ကိုယ်ကတတွတ်တွတ် ပြောနေပြီးမှ ကိုယ့်ကိုယ်တိုင်ကျတော့ နောက်တွန့် နေမယ်ဆို ယင် သူတို့ တတွေက ကိုယ့်ကို ဘယ်မှာ အယုံအကြည် ရှိတော့မှာလဲ ၊ ကျွန်တော် ဒီလို အဖြစ်မခံနိုင်ဘူး ၊ သူတို့ ဒုက္ခရောက်နေလို့  ကျွန်တော့်ကို အခေါ်လွတ်တယ် ၊ ကျွန်တော်လာမယ်ဆိုတာ သူတို့ ယုံတယ် ၊ လူတွေကို ဒုက္ခတွင်း ကယ်တင်နေတဲ့ ကျွန်တော်ကို ဘုရားသခင်က ဒီအတိုင်းကြည့်မနေပါဘူး ”
ဒေါက်တာ မက္ကဖိုင်ကား သူရဲဘောနည်းသူ ဖြစ်သည် ။ စစ်မြေပြင်တွင် ကျင်းထဲ၌ ၀ပ်နေရာမှာပင် ဗုံးသံ အမြောက်သံကို ကြောက်သည် ။ရှေ့ တန်းတွင် ခွဲစိတ်နေစဉ် သေနတ်သံကြားလျှင် ချွေးပြန်လာသည် ။ လက်တုန်လာသည် ။ သို့ ဖြစ်ရာ ဒေဗီဆန်`၏ အတွေ့ အကြုံ တို့ ကို ကြားရသည့်အခါ တအံ့တသြ ဖြစ်ကာ ပါးစပ်အဟောင်းသားနှင့် သူ့ ကို ကြည့်မိသည် ။
“ အေးဗျာ ၊ ကျွန်တော်ဖြင့် ခင်ဗျားလို သတ္တိကောင်းတဲ့လူ ဖြစ်ချင်လိုက်တာ ”
“ လွယ်ပါတယ် ၊ ဘုရားသခင် ဂုဏ်ကျေးဇူး ကိုသာအောက်မေ့ လိုက်ပါ ”
ဒေဗီဆန်က အဖြေပေးသည် ။
ထိုသို့ ပြောဆိုနေကြစဉ် စောစောပိုင်းက အတွေ့ အကြုံတို့ ကို ပြန်လည် အောက်မေ့လာသည် ။
“ တခါတလေတော့ ကျွန်တော်တို့ လင်မယားနှစ်ယောက် ဘာမှမတတ်နိုင်တဲ့ အဖြစ်မျိုးနဲ့ ကြုံကြရတယ် ၊ စိတ်ထိခိုက်လွန်းလို့  မျက်ရည်များတောင် လည်လာမိတယ် ၊ ကျွန်တော်တို့ လင်မယား နှစ်ယောက်နေ့ ရောညရော အလုပ်လုပ် ကြတယ် ၊ အနားမနေကြပါဘူး ၊ ဒါပေမယ့် တိုးတက်မှု အရိပ်အရောင်ဆိုတာ ဘာမှမမြင်ရဘူး ၊ သူသာမရှိယင် ကျွန်တော် ဘယ်လိုရပ်တည်ရမလဲ ၊ မစဉ်းစားရဲဘူး ၊ အဲဒီအခါမျိုးမှာ သူက ကျွန်တော့်ကို နှစ်သိမ့်တယ် ၊ အားပေးတယ် ”
မစ္စက်ဒေဗီဆန် သည် ရှက်သွေးဖြာလာသည် ။ ခေါင်းကိုပင် မဖော်နိုင်တော့ ၊ ငုံ့ ၍ သာနေသည် ။ လက်များ တုန်တုန်ယင်ယင် ဖြစ်လာသည် ။ စကားပြောရန်ပင် မတတ်နိုင်တော့သလို ဖြစ်လာသည် ။
“ ကျွန်တော်တို့ မှာ ကူညီမယ့်လူဆိုလို့  တယောက်မှ မရှိဘူး ။ တိုင်းပြည်နဲ့  ကလဲ မိုင်ပေါင်း ထောင်ကျော် ဝေးနေတယ် ၊ တကယ်ပါပဲဗျာ ၊ တောအုပ်အလယ် ရောက်နေတဲ့ အတိုင်းပါပဲ ၊ အမှောင်ထုထဲမှာပါ ၊ ကျွန်တော်စိတ်ပျက်လာတယ် ၊ ဒီအခါမှာ ကျွန်တော်မိန်းမက သူ့ အလုပ်တွေ ဘေးချထားပြီး သမ္မာကျမ်းစာအုပ်ကို ဖွင့်ပြီး ဖတ်တော့ တာပဲ ၊ သူတို့ ကို ဒုက္ခတွင်းက ကယ်တင်မယ်လို့ ဆိုတယ် ၊ ကျွန်တော်လဲ အဲဒီအခါမှာ အားပြည့်လာတယ် ၊ စိတ်ဓာတ်တက်လာတယ် ၊ ဟုတ်တယ် ၊ ဘုရားသခင်ရဲ့  စောင်မကြည့်ရှုခြင်းနဲ့  ငါဟာ သူတို့ ကို ကယ်တင်ရမယ်လို့ အားတင်းလာရတယ် ”
ဒေဗီဆန်သည် စားပွဲရှိရာသို့  လျှောက်လာပြီး ရှေ့ တွင်ရပ်နေသည် ။ စားပွဲကို ကျမ်းစာတင်ဖတ်သည့် ခုံကလေးဟု ယူဆဟန် တူသည် ။
“ သူတို့ တတွေရဲ့ အကျင့် စာရိတ္တကတော့ ပြောမပြ နိုင်လောက်အောင်ကို ဆိုးသွမ်းတာပဲ ၊ အဲဒါဟာ သူတို့ ရဲ့ သဘာဝလို ဖြစ်နေလေ တော့သူတို့ အပြစ်ကို သူတို့ ပြန်မြင်အောင် လုပ်ဖို့ သိပ်ခက်တယ် ၊ ဒုစရိုက်ဆိုတာ ဘယ်လိုဟာ ခေါ်တယ်ဆိုတာ ရှင်းပြရတာ မလွယ်လှဘူး ၊ မုဒိမ်းကျင့်တာ ၊ လိမ်လည်တာ ၊ ခိုးဝှက်တာသာ ဒုစရိုက်မဟုတ်ဘူး ၊ ခန္ဓာကိုယ်မှာ အ၀တ်အစား မကပ်တာလဲ ဒုစရိုက်ပဲ ၊ ဘုရားရှိခိုးကျောင်း မလာတာလဲ ဒုစရိုက်ပဲဆိုတာ သိနားလည်အောင် မနည်းပြောဟောယူရတယ် ၊ မိန်းကလေးတယောက် ရင်သားဖော်တာလဲ ဒုစရိုက်ပဲ ၊ ယောကျာ်းတယောက် ဘောင်းဘီမ၀တ်တာလဲ ဒုစရိုက်ပဲလို့  ပညတ်ရတော့တာပဲ ”
“ ဘယ်လိုလုပ်သလဲ ”
“ ဒဏ်ရိုက်ရတာပေါ့ ၊ ဒုစရိုက်လုပ်ယင် ပြစ်ဒဏ်ခံရမယ်ဆိုတာ လက်တွေ့ သင်ပြပေးရတဲ့ သဘောပါပဲ ၊ ဘုရားကျောင်းမလာယင် ၊ ကပွဲလုပ်ယင် ၊ ၀တ်လစ်စလစ်နီးပါး ၀တ်ဆင်ယင် ဒဏ်ရိုက်တယ် ၊ ငွေဒဏ်ရှိတယ် ၊ ဒါမှ မဟုတ်အလုပ်နဲ့ ပေးဆပ်ရတဲ့ ဒဏ်လဲရှိတယ် ”
“ ဒါပေမယ့် မပေးယင်ရော ”
“ ဘယ့်နှယ် မပေးပဲ နေနိုင်မလဲ ခင်ဗျ ”
“ မစ္စတာ ဒေဗီဆန်ကို အန်တုဝံ့တဲ့ လူဟာ သူရဲကောင်းပဲရှင့် ”သူ့ မိန်းမက အသံမာမာ ဖြင့်ဝင်၍ ပြောသည် ။
မက္ကဖိုင်သည် ဒေဗီဆန်ကို မသက်မသာ ကြည့်လိုက်သည် ။ ကြားရသမျှကား အံ့သြစရာချည်းပင် ။ သို့ သော်လည်း ယင်းတို့ ကို မထောက်ခံကြောင်း ၊ သဘောမကျကြောင်း ပြောရန်ဝန်လေးသည် ။
“ နောက်ဆုံး ပြစ်ဒဏ်အနေနဲ့  အပြစ်ရှိတဲ့လူကိ ဘုရားကျောင်းက ထုတ်ပစ်နိုင်တယ် ”
“ ဒီတော့ သူတို့ မှာ ထိခိုက်ရောလား ”
ဒေဗီဆန်သည် ခပ်ယဲ့ယဲ့ပြုံးလိုက်သည် ။ ပြီးနောက် လက်ချင်းပွတ်နေသည် ။
“ ဒီလိုဆိုတော့ သူတို့ အုန်းဆန်တွေ မရောင်းနိုင်တော့ဘူးပေါ့ ၊ ငါးဖမ်းတဲ့ အခါမှာလဲ ဝေစုမရတော့ဘူး ၊ ထမင်းအိုးကွဲတာနဲ့  အတူတူပဲ ခင်ဗျ ၊ ဒီတော့ ဘုရားကျောင်းက အထုတ်မခံနိုင်ကြဘူး ”
“ ဖရက်အိုလဆန် အကြောင်း ပြောပြလိုက်ပါလား ” သူ့ မိန်းမက တိုက်တွန်းသည် ။
ဒေဗီဆန်သည် မက္ကဖိုင်ကို အရောင်လက်သည့် မျက်လုံးအစုံဖြင့် စိုက်၍ကြည့်သည် ။
“ ဖရက်အိုလဆန်ဆိုတာ အဲဒီကျွန်းတွေမှာ နှစ်ပေါင်းအတော်ကြာကြာကပဲ နေထိုင်စီးပွားရှာလာတဲ့ ဒတ်ခ်ျလူမျိုး ကုန်သည်တယောက်ပေါ့ ၊ ကုန်သည်ဆိုတော့ ချမ်းသာတာပေါ့ဗျာ ၊ ကျွန်တော်တို့  သာသနာပြုတွေ ရောက်လာတာကို သိပ်မကြိုက်ချင်လှဘူး ၊ သူတို့ ချည်းဆိုတော့ သူ့ မင်း သူချင်းပေါ့ ၊ ကျွန်းသားတွေ ဆီက အုန်းဆန်ကို ကြိုက်သလို ချယ်လှယ်ပြီး ၀ယ်ယူတယ် ၊ ပစ္စည်းပေးချင် ပေးတယ် ၊ ၀ီစကီနဲ့  လဲချင်လဲတယ် ၊ သူကိုယ်တိုင်က အရက်အိုး ၊ သူ့ ကိုသတိပေးတယ် ၊ အကျင့်ဆိုး ပြင်ဖို့ ပြောတယ် ၊ ဂရုမစိုက်ဘူး ၊ ကျွန်တော်ကိုတောင် ရယ်လွတ်လိုက်သေးတယ် ”
ဒေဗီဆန်`၏ အသံသည် မာလာသည် ။ ဤနေရာတွင် တမိနစ်ခန့် ရပ်နေသည် ။ ငြိမ်သက်နေခြင်းသည်ပင် လန့် ဖျပ်စရာ ကောင်းနေသည် ။
“ အဲ ၊ နှစ်နှစ်လောက် ရှိတော့ ဒီလူဟာ ပျက်စီးဆုံးပါးတော့တာပဲ ၊ အနှစ်အစိတ်လောက်အတွင်း စုဆောင်းခဲ့သမျှ ကုန်ပါလေရော ၊ ကုန်းကောက်စရာတောင် မရှိတော့ဘူး ၊ နောက်ဆုံးတော့ ကျွန်တော်ဆီလာပြီး ဒူးထောက်ရတဲ့ အထိပဲ ၊ ဆစ်ဒနီကို သွားဖို့ ခရီးစရိတ်တောင်းလာတယ် ”
“ မစ္စတာ ဒေဗီဆန်ဆီ ဖရက်ရောက်လာပုံကလေးကို ရှင်တို့ မြင်စေ့ ချင်တယ် ၊ ဟိုတုန်းကဆိုယင် လူချော ပေါ့ ၊ ပြည့်ပြည့်ဖြိုးဖြိုးနဲ့  ၊ အခုတော့ မှတ်မိစရာတောင် မရှိတော့ဘူး ၊ ပိန်ချုံးသွားလိုက်တာ ၊ ချက်ချင်းဇရာထောင်းသွားတဲ့အတိုင်းပါပဲ ” မစ္စက်ဒေဗီဆန်က ၀င်၍ထောက်သည် ။
ဒေဆီဆန်သည် ည`၏ အမှောင်ထုဆီသို့  သတိလစ်ဟင်းသော အကြည့်ဖြင့် စူးစိုက်ကြည့်နေသည် ။ မိုးကား ရွာသွန်းစပြု နေပြီ ။
ထိုခဏတွင်အောက်ထပ်မှ အသံဗလံများ ကြားရသည် ။ ဒေဗီဆန်သည် သူ့ မိန်းမဆီသို့  လှည့်ကြည့်ယင်း မျက်လုံးဖြင့် “ ဘာသံလဲ ” ဟု မေး နေသည် ။ စူးရှကျယ်လောင်သည့် ဓာတ်စက်သံ ဖြစ်သည် ။ သီချင်းသံ ကားဆူညံနေသည် ။
“ ဘာဖြစ်နေတာလဲ ”
မစ္စက်ဒေဗီဆန်သည် ညှပ်မျက်မှန်ကို ပင့်တင်လိုက်သည် ။
“ ဒုတိယတန်း ခရီးသည်တယောက် အောက်ထပ်က အခန်းတခုထဲ မှာတည်းခိုနေတယ် ၊ အဲဒီအခန်းကလာတဲ့ အသံဖြစ်မှာပဲ ”
သူတို့ အားလုံး ငြိမ်နေကြသည်။ ချက်ချင်းပင် ကသည့်အသံကို ပါကြားလာရသည်။ ထို့ နောက် သီချင်းသံ ရပ်သွားသည် ။ ပြီးလျှင်ပုလင်းဖွင့်သံ ၊ စကားပြောသံ ၊ ရယ်သံတို့  ဆူညံလာသည် ။
“ ဧကန္တ သဘောင်္ပေါ်က ခရီးသွားဖော်တွေကို နှုတ်ဆက်ပွဲပါတီပေးနေပြီနဲ့ တူတယ် ၊ သဘောင်္က ဆယ့်နှစ်နာရီမှာ ထွက်မယ် မဟုတ်လား ”
မက္ကဖိုင်က မှန်းဆလိုက်သည် ။
ဒေဗီဆန်ထံမှ စကားပြန်မရ ။ သူသည် နာရီကို ကြည့်လိုက်သည် ။
“ အဆင်သင့်ပဲလား ” သူ့ မိန်းမကို မေးလိုက်သည် ။
မစ္စက်ဒေဗီဆန်လည်း ထိုင်ရာမှ ထလိုက်သည် ။
“ ဟုတ်ကဲ့ ၊ အဆင်သင့်ပါပဲ ”
“ အိပ်ရာဝင်ဖို့  စောပါသေးတယ်ဗျာ ” မက္ကဖိုင်`၏ အသံဖြစ်သည် ။
“ ကျွန်မတို့ ဖတ်စရာတွေ ရှိသေးတယ်ရှင့် ၊မအိပ်ခင် သမ္မာကျမ်းစာ ထဲကအခန်းတခုတော့ ပြီးအောင်ဖတ်မယ် ၊ ပြီးတော့ ဝေဖန်ဆွေးနွေး ကြမယ် ၊ အဲဒါက စိတ်တန်ခိုး ဘကီးထွားလာစေတဲ့ လေ့ကျင့်ခန်းကောင်းတခုပဲ ”
သူတို့ နှစ်စုံတွဲ နှုတ်ဆက်ကြသည်။ အခန်းထဲတွင် မက္ကဖိုင်လင်မယား သာကျန်ရစ်ခဲ့သည် ။ အတန်ကြာအောင် စကားမပြောကြ ။
“ ဖဲထုပ်သွား.ယူမှပဲ ထင်တယ် ” မက္ကဖိုင်က အကြံပေးသည် ။
သူ့ မိန်းမက သူ့ ကို သံသယအကြည့်ဖြင့် ကြည့်လိုက်သည် ။ ဒေဗီဆန် လင်မယားနှင့် တောင်တောင်အီအီ ပြောကြပြီးနောက် မစ္စက်မက္ကဖိုင်`၏ စိတ်သည် မအီမသာ ဖြစ်ကာလေးလံ ကျန်ရစ်ခဲ့သည် ။ ဒေဗီဆန်တို့ အချိန်မရွေး ထွက်လာနိုင်သဖြင့် သူတို့ ရှေ့ ၌ဖဲမကားစားချင် ။ မက္ကဖိုင်သည် ဖဲထုပ်ယူလာပြီးနောက် တယောက်တည်း ရသေ့စိတ်ဖြေ ကစားနေသည် ။ သူ့ မိန်းမမှာ မလုံစိတ်နှင့်သာ ကြည့်နေရသည် ။ အောက်ထပ်မှ အသံများကားဆူညံလျက် ။
နောက်တနေ့ ကားသာယာသည် ။ ပါဂိုပါဂိုတွင် ဆယ့်ငါးရက်ခန့် သောင်တင်နေမည်ဖြစ်ရာ အချိန်ကို တန်ဖိုးရှိရှိ အသုံးပြူရန် မက္ကဖိုင်တို့ လင်မယား စိတ်ကူးပေါက်လာကြသည် ။ ထို့ ကြောင့် ဆိပ်ကမ်းသို့ သွားကာ သူတို့ ပစ္စည်းများထဲမှ စာအုပ်သေတ္တာကိုဖွင့်ကာ စားအုပ်များသယ်လာကြသည် ။ မက္ကဖိုင်သည် ရေတပ်ဆေးရုံအုပ်နှင့် တွေ့ ကာ သူနှင့် အတူလူနာများကို လှည့်၍ကြည့်သည် ။ ဘုရင်ခံထံသို့ သွား၍တွေ့ သည်။ လမ်းတွင် မစ္စသွမ်မဆန်ကို တွေ့ သည်။ မက္ကဖိုင်က ဦးထုပ်ချွတ်ကာ နှုတ်စက်လျှင် မစ္စသွမ်မဆန်က “ မင်္ဂလာ နံနက်ခင်းပါရှင် ” ဟုခပ်ကျယ်ကျယ် ပြန်၍ နှုတ်ဆက်သည် ။ မနေ့ ကလိုပင် အဖြူဝတ်စုံကို ၀တ်ဆင်ထားသည် ။
“ ၀တ်ထားပုံက ကြည့်ရတာ မဟန်ဘူးရှင့် ” မစ္စက်မက္ကဖိုင်က သူ့ ယောကျာ်းကိုပြောသည် ။
အိမ်ပြန်ရောက်လျှင် မစ္စသွမ်မဆန်ကို ၀ရန်တာ၌ တွေ့ ရသည် ။ ဟွန်း`၏ကလေး တယောက်နှင့် ဆော့ကစားနေသည် ။
“စကားလေး တခွန်းနှစ်ခွန်းလောက် ပြောလိုက်ပါလားကွာ ၊ ဒီမှာ သူတယောက်တည်းရယ် ၊ တို့ က သူ့ ကို မပြောမဆို နေမယ်ဆိုယင် မကောင်းပါဘူး ”
မစ္စက်မက္ကဖိုင်ကား ရှက်တတ်သူဖြစ်သည် ။သို့ သော်လည်း သူ့ ယောကျာ်းအလိုကျ ပြုမူဆက်ဆံတတ်သည် ။
“ ကျွန်မတို့ ဒီမှာ ခရီးဖော်တွေ ထင်ပါရဲ့ နော် ” သူ့ စကားမှာ တမျိုးကြီးပင်ဖြစ်သည် ။
“ ဒီအိမ်လေး ကျဉ်းခလုတ်ထဲနေရတာ တမျိုးကြီးပဲနော် ၊ စိတ်ရှုပ်စရာကောင်းလိုက်တာ ၊ ဒါတောင် ကျွန်မအဖို့ ဒီအခန်းလေးရတာပဲ ကံကောင်းတယ်လို့ ပြောကြသေးတယ် ၊ ကျွန်းသားတွေနဲ့  အတူမနေရတာ တော်သေးတာပေါ့ ။ တချို့ နေကြရသတဲ့ ၊ ဒီမှာ ဘာလို့ ဟိုတယ်မရှိ သလဲမသိဘူး ” မစ္စသွမ်မဆန်က ပြန်ပြောသည် ။
သူတို့ နှစ်ယောက် စကားအနည်းငယ် ပြောကြသည် ။ မစ္စသွမ်မဆန်`၏ အသံသည်ကျယ်သည် ။ နှုတ်သွက် လျှာသွက်ဖြစ်သည်။ အကြာကြီး စကားကြောရှည်ချင်ဟန်တူသည် ။ သို့ ရာတွင် မစ္စက်မက္ကဖိုင်မှာ နှုတ်နည်းသူဖြစ်လေရာ စကားဖြတ်လိုက်သည် ။
“ ကျွန်မသွားဦးမှနဲ့ တူတယ် ”
ညနေပိုင်းတွင် လက်ဖက်ရည်ဝိုင်း၌ ဒေဗီဆန်က မစ္စသွမ်မဆန် အကြောင်းကို ပြောသည်။
“ အောက်ထပ်က မိန်းမရဲ့ အခန်းထဲမှာ ရေတပ်သားတွေ တွေ့ ခဲ့တယ် ၊ ဘယ်လိုများ အသိဖွဲ့ လာခဲ့သလဲ မသိဘူး ”
“ ဘယ်သူရယ်လို့  စွဲစွဲမြဲမြဲ ရှိလှမယ့်ဟာ မဟုတ်ပါဘူး ” မစ္စက်ဒေဗီဆန်က ဆိုသည် ။
သူတို့ အားလုံးမှာ ပျင်းရိနွမ်းနယ်နေကြပြီ ။ တနေကုန်ခဲ့သည် ဆိုရသော်လည်း အဓိပ္ပာယ် မရှိ ကုန်လွန်ခဲ့ခြင်းသာ ဖြစ်သည် ။
“ အေးဗျာ ၊ ဒီလိုနဲ့ ဆယ့်ငါးရက်လုံးလုံး နေရ ဦးမယ်ဆိုတော့ ကျွန်တော်ဖြင့် ဘယ်လိုလုပ်နေရမှန်း မသိဘူး ” မက္ကဖိုင်ကား စိတ်ပျက်လှသည် ။
ဒေဗီဆန်က “ တနေ့ တာရဲ့ အချိန်ကို ပိုင်းခြားထားလိုက်ပေါ့ဗျာ ၊ နာရီတချို့ ကို စာဖတ်ဖို့ ၊ တချို့ ကို ကိုယ်လက်လှုပ်ရှားဖို့  ၊ ကျန်တချို့ ကို အပန်းဖြေဖို့  ၊ အဲ မိုးကိုတော့ ကြည့်နေလို့ မဖြစ်ဘူး ၊ ဒီရာသီမှာတော့ မိုးကစည်းတယ်မရှိဘူး ”
ထိုအကြံပေးချက်ကို မက္ကဖိုင်မကြိုက်လှ ။ စည်းကမ်းကြီးလွန်းသည်ဟု ထင်မိသည် ။ သူတို့ သည် ညနေလက်ဖက်ရည်ကိုလည်း ပေါင်မုန့် အသားညှပ်ဖြင့် မျှော်ချရသည် ။ ဒီတမျိုးပဲ စီစဉ်တတ်သလား မသိရ ။
ထိုအခိုက်တွင် အောက်ထပ်မှ ဓာတ်စက်သံ ဆူညံလာသည် ။ဒေဗီဆန်ကား မျက်နှာပျက်သွားသည် ။ သို့ သော် ဘာမျှမပြော ။ ယောကျာ်းသံများ ကြားရပြန်သည် ။ မစ္စသွမ်မဆန်`၏ ဧည့်သည်များသည် သီချင်းတပုဒ်ကို ၀ိုင်း၍ဆိုနေကြသည် ။ ဆက်တိုက်ပင် သူ့ အသံပါ ပျံ့ လွင့်လာသည် ။ ကျယ်ကျယ်လောင်လောင် စူးစူးရှရှ အသံ ။ ထို့ နောက် ရယ်မောသံများ ၊ အော်ဟစ်သံများ ၊ ဖန်ခွက်ချင်းထိသံ ၊ ကုလားထိုင်ရွေ့  သံများဆူညံလာသည် ။ ဒေဗီဆန်တို့ လေးယောက်မှာ ထိုအသံများ ဆူညံနေသည့်အကြားတွင် တယောက်စကားကို တယောက်ကြားအောင် မနည်းပင် ပြောနေရသည် ။ ဧည့်သည်များ နောက်ထပ် ရောက်လာူဟန် တူသည် ။ မစ္စသွမ်မဆန်သည် ပါတီတခု ကျင်းပနေပြန်ပြီ ဟုနားလည်လိုက်သည် ။
ဒေဗီဆန်နှင့် မက္ကဖိုင်တို့ မှာ ဆေးအကြောင်း ပြောနေကြသည် ။ သူတို့ စကားကို ကြားဝင်၍ မစ္စက် မက္ကဖိုင်က ….
“ ဒီလူတွေကို ဘယ်လိုစုလာသလဲ မသိဘူး ၊ အံ့ရောရှင် ” ဟုပြောလိုက်သည် ။
မစ္စက် မက္ကဖိုင်သည် အောက်ထပ်သို့ စိတ်ရောက်နေသည်မှာ ထင်ရှားသည် ။ သူ့ စကားကြားလျှင် ဒေဗီဆန်`၏ မျက်နှာသည် တချက်တွန့် သွားသည် ။ သူ့ စိတ်သည်လည်းအောက်ထပ်သို့ ရောက်နေသည်မှာ သေချာသည် ။ဖလင်းဒါးဒေသ တွင် ကြုံခဲ့ရသည့် ဆေးဝါးကုသပုံကို ပြန်ပြောင်းပြောဆိုနေစဉ် စိတ်မပါတော့ပဲ ၀ုန်းကနဲ ထကာအော်လိုက်သည် ။
“ ဘာဖြစ်တာလဲ အဲလဖရက် ” မစ္စက်ဒေဗီဆန်`၏ အသံဖြစ်သည် ။
“ မကြုံဖူးပါဘူးကွာ ၊ ဒီမိန်းမ အီဝေလီကကာတဲ့ မိန်းမဖြစ်ရမှာပဲ ”
“ မဟုတ်နိုင်ပါဘူး ”
“ ဟိုနိုလူလူက သဘောင်္ပေါ် တက်လာတာကွ ၊ သေချာတယ် ၊ ဒီမှာ သူ့ လုပ်ငန်းကိုစနေပြီ ”
ဒေဗီဆန်`၏ အသံသည် ဒေါသသံပါလာသည် ။
“ အီဝေလီဆိုတာ ဘာလဲ ” မစ္စက် မက္ကဖိုင် နားမလည် ။
ဒေဗီဆန်`၏ မျက်လုံးများသည် မစ္စက်မက္ကဖိုင်ဆီသို့  ရောက်သွားသည် ။ သူ့ အသံကား တုန်ယင်နေပြီ ။
“ ဟိုနိုလူလူရဲ့  မကောင်းတဲ့ ရပ်ကွက်ပေါ့ ၊ မီးနီဒေသပေါ့ ၊ တို့ ယဉ်ကျေးမှုမှာ အမည်းကွက် တကွက်ပဲ ”
အီဝေလီသည် ဟိုနိုလူလူမြို့  တော်`၏ အစွန်၌ တည်ရှိသော ရပ်ကွက်တခုဖြစ်သည် ။ သဘောင်္ဆိပ်မှတက်၍ လမ်းမကြီးကို ရှောင်ကာ လမ်းကျဉ်းကလေး အတိုင်းသွားလျှင် နော်နီနော်နဲ့  တံတားတခုကို ဖြတ်လိုက်ပြီး နောက်လူသူ မရှီသည့် လမ်းတခုသို့ ရောက်မည် ။ သည်က ကျော်လျှင် မီးရောင်တလက်လက်နှင့် စည်ကားနေသည့် ရပ်ကွက်ကလေးကို မြင်ရမည် ။ လမ်းဘေး တဘက်တချက်တွင် မီးရောင်များ ထိန်ညီးနေသည့် ကပွဲရုံလေးများ အစီအရီရှိသည် ။ စန္ဒရားသံ ဆူညံနေသည် ။ ဆံပင်ညှပ်ဆိုင် ၊ ဆေးလိပ်ဆိုင်တို့ လည်းရှိသည် ။ ပတ်ဝန်းကျင်တခုလုံး မြူးကြွနေသည် ထင်ရသည် ။ သည်ကမှ ဗယ်ဘက်ညာဘက် ကြိုက်ရာ လမ်းကျဉ်းလေး များကို ၀င်နိုင်သည် ။ တွေ့ ပါပြီ မီးနီရပ်ကွက် ။ အချစ်ကို လိုချင်သလား ။ရှာစရာမလို ၊ သည်နေရာတွင် လူမျိုးစုံတွေ့ ရမည် ။ အမေရိကန်များ ၊ ရေတပ်သားများ ၊ ကြည်းတပ်သားများ ။ လူဖြူလူမည်း မျိုးစုံ ။ တရုတ် ။ ဂျပန် ၊ ဟာဝေယံ ၊ ဖိလစ်ပိုင် ၊ စုံပါ့ ။ မီးနီမယ်တို့ သည် လမ်းသလားနေကြသည့် အစ်ကို ကာလသားတို့ ကို လုံးဝ ဂရုမစိုက် ။ စာဖတ်နေသည် ။ ဇာထိုးနေသည် ။ ၀ယ်သူ ရောင်းသူတို့ စကားမဆိုကြ ။ စကားမပြောရဟု အချုပ်အချယ်ခံနေ ကြရသလိုပင် ။ အလိုရမ္မက်သည်ပင် ချုပ်တည်းထားရသဖြင့် ဆွေးမြည့်နေသယောင်ယောင် ။
“ အဲဒီရပ်ကွက်ဟာ ပစိဖိတ်ဒေသရဲ့  အမည်းကွက်ကြီး တကွက်ပဲ ၊ သာသနာပြုတွေက ဒီရပ်ကွက်ကို ဖျက်ပစ်ဖို့  အော်ကြ ဟစ်ကြ ဆူကြ ပူကြ တာကြာပြီ ၊ နောက်ဆုံးတော့ ဟိုနိုလူလူ သတင်းစာတွေကပါ ရေးသားလာကြတယ် ၊ဒါပေမယ့် ပုလိပ်က မွှေနှောက်ဖို့ုငြင်းတယ် ၊ သူတို့ အကြာင်းပြချက်ကို ကြည့်ပါအုံး ၊ မကောင်းမှုဆိုတာ ကင်းနိုင်ကြတာမဟုတ်ဘူး ၊ အကောင်းဆုံးကတော့ သူတို့ ကို ရပ်ကွက်ကလေးတခု အဖြစ် စုစည်းထားပြီး ထိန်းချုပ်ကွပ်ကဲဖို့  လိုတာတဲ့ပဲ ၊ အမှန်က ပုလိပ်ကို ဆို့ ထားကြတယ် ၊ ပုလိပ်ကို ကပွဲရုံက ပိုက်ဆံပေးတယ် ။ လူမိုက်တွေ ၊ မိန်းမထိန်းတွေက ပိုက်ဆံပေးတယ် ၊ မိန်းမပျက်တွေ ကိုယ်တိုင်က ဆို့ ထားတယ် ၊ ဒါပေမယ့် နောက်ဆုံးမှာတော့ မနေနိုင်တော့ပဲ ထွက်ပြေးကြရတယ်။
မက္ကဖိုင်က “ ဟုတ်တယ် ၊ သဘောင်္ပေါ်မှာ တုန်းက ဟိုနိုလူလူ သတင်းစာ တစောင်မှာ ဖတ်လိုက်ရတယ် ”
“ ကျွန်တော် တို့  သဘောင်္ဆိုက်တဲ့ နေ့ မှာပဲ အီဝေလီ မရှိတော့ဘူး ၊ တရပ်ကွက်လုံး ကို တရားရုံးမှာ တင်ပြီး ဖြေရှင်းလိုက်တယ် ၊ ဟုတ်ပါ့ဗျာ ၊ ဒီမိန်းမကို ဘယ်လို မိန်းမစားဆိုတာ ချက်ချင်း သိဖို့ ကောင်းတယ် ”
“ ရှင်ပြောလို့  ကျွန်မလဲ ပြောရဦးမယ် ၊ ဟိုနိုလူလူက ထွက်ခါနီးလေးမှာပဲ ကပ်ပြီး သဘောင်္ပေါ်ရောက်လာတာရှင့် ၊ ကျွန်မ သတိထား လိုက်မိတယ် ” မစ္စက် မက္ကဖိုင်က ဆိုသည် ။
“ ဒါနဲ့ များ ဒီကို ဘာလို့ သူလာရဲရတာလဲ ၊ သူ့ ကိုအလာမခံနိုင်ဘူး ”
ဒေဗီဆန်သည် စက်ဆုပ်ရွုံ့ ရှာလာသည် ။ ဒေါသသံ ပါလာသည် ။
ဒေဗီဆန်သည် ပြောပြောဆိုဆိုပင် တံခါးဆီသို့ ခြေလှမ်းပြင်သည် ။
“ ခင်ဗျား ဘာလုပ်မလို့လဲ ”
“ ဘာလုပ်မယ်ထင်သလဲ ၊ သူ့ ကိုတားရမှာပေါ့ ။ အခု ကျွန်တော်နေတဲ့ အိမ်ကို မကောင်းတဲ့ အိမ် အဖြစ်မခံနိုင်ဘူး ”
မိန်းမသားများ နားဝင်သက်သာစေမည့် စကားလုံကို သူရွေးနေသည် ။ သူ့ မျက်လုံးသည် အရောင်လက်နေသည် ။ စိတ်ထိခိုက်လာပြီ ဖြစ်ရာ သူ့ မျက်နှာမှာ ခါတိုင်းထက် ပို၍ ညှိုးငယ်သလို ဖြူဖပ် ဖြူရော် ဖြစ်လာသည် ။
“ အောက်ထပ်မှာ ယောကျာ်းသံက သုံးလေးယောက်ဗျ ၊ ခင်ဗျား ဒီအတိုင်း တဇွတ်ထိုး ၀င်သွားလို့  ဖြစ်မတဲ့လား ” မက္ကဖိုင်က သတိပေးသည် ။
ဒေဗီဆန်သည် သူ့ ကိုအမှုမထားတော့ ။ တံခါးကို ဆောင့်တွန်းကာ ဆင်းသွားသည် ။
“ ရှင်ဒေဗီဆန် အကြောင်း မသိဘူးနော် ၊ သူ့ တာဝန်ဝတ္တရားကို ဆောင်ရွက်ရတော့မယ်ဆိုယင် ဘေးအန္တရယ်သော ဘာသော ရှောင်တော့တာ မဟုတ်ဘူး ၊ ဘယ်သူမှ သူ့ ကိုတားလို့ မရတော့ဘူး ” မစ္စက်ဒေဗီဆန်က ၀င်ပြောသည် ။
သူလည်း တုန်တုန်လှုပ်လှုပ် ဖြစ်နေဟန်တူသည် ။ လက်နှစ်ဘက်ကို ပူးယှက်ကာ အောက်ထပ်၌ ဘာများဖြစ်လေမည်လဲ ဟုနားစွင့်နေသည် ။ မျက်နှာတခုလုံး သွေးရောင်သန်းလာသည် ။ လှေကားပေါ် တဒေါက်ဒေါက်နင်း ၍ ဆင်းသွားသည့် အသံ ၊ တံခါးဖွင့်သံတို့ ကို အတိုင်းသား ကြားနေရသည် ။ သီချင်းသံကားရပ်သွားသည် ။ သို့ သော် ဓာတ်စက်သံ ကိုကား ဆက်၍ကြားနေရသည် ။ ထို့ နောက် ဒေဗီဆန်`၏ အသံ ။ိတဖန်လေးလေးလံလံ တစုံတခု ၀ုန်းကနဲကျသံ ။ ဓာတ်စက်သံရပ်သွားပြီ ။ိဧကန္တ ဓာတ်စက်ကို ဒေဗီဆန် တွန်းချလိုက်ခြင်း ဖြစ်ရမည် ။ တဖန် ဒေဗီဆန်`၏ အသံ ။ စကားလုံးမှားကို ကားမကွဲပြား ။ ထို့ နောက် မစ္စသွက်မဆန်`၏ စူးရှလှသည့် အော်ဟစ်သံ ။ သူနှင့်အတူ သူ့ ဧည့်သည်များ`၏ သံကုန်ဟစ်သံ ၊ ဆဲဆိုသံတို့ ဆူညံသွားသည် ။ မစ္စက်ဒေဗီဆန်သည် လက်နှစ်ဘက်ကို တင်းတင်းဆုပ်ထားသည် ။ မက္ကဖိုင်သည် မစ္စက်ဒေဗီဆန်ကို ကြည့်နေရာမှ မျက်နှာလွဲကာ သူ့ မိန်းမဘက်သို့  လှည့်လိုက်သည် ။ အောက်ထပ်သို့ လိုက်မသွားချင် ။ သို့ သော် သူတို့ ကများ လိုက်သွားစေချင်သလား ။ ထိုစဉ်တွင် အောက်ထပ်မှ ထွေးလုံးရစ်ပတ်သတ် ပုတ်သည့် အသံများကြားရသည်။ ဒေဗီဆန်ကို အခန်းထဲမှာ ဆွဲထုတ်ကြဟန်တူသည်။ ၀ုန်းကနဲ တံခါးပိတ်သံကိုပါ တဆက်တည်းကြားရသည်။ ခဏမျှငြိမ်သွားပြီးနောက် အပေါ်ထပ်သို့  တက်လာသည့်ခြေသံကို ကြားရသည် ။ ဟုတ်သည်။ ဒေဗီဆန် အခန်းထဲသို့ ရောက်လာပြီး သူ့  အိပ်ခန်းထဲသို့  တောက်လျှောက် ၀င်သွားသည်။
“ ကျွန်မလိုက်သွား ဦးမယ် ” သူ့ မိန်းမ`၏ ခွင့်တောင်းသံ။
“ ကျွန်မတို့ အကူအညီ လိုယင် ခေါ်လိုက်နော် ” မစ္စက်မက္ကဖိုင်က ပြောသည် ။ “ အနာတရတော့ မဖြစ်ခဲ့ဘူးနဲ့ တူတာပဲ ”
“ ကွာ ၊ ကိုယ်နဲ့ မဆိုင်ပဲ ဘာလို့ ဝင်ချင်ရသလဲ မသိဘူး ” မက္ကဖိုင် ညည်းတွားလိုက်သည်။
သူတို့ လင်မယား နှစ်ယောက် နှစ်မိနစ်မျှ စကားမပြောပဲ ထိုင်နေကြသည် ။ သို့ သော် အောက်ထပ်မှ ဓာတ်စက်သံ ၊ ကျယ်ကျယ်လောင်လောင် ဆူညံလာသဖြင့် လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ အော်သံ ဟစ်သံ ၊ ညစ်တီး ညစ်ပတ် သီချင်းသံများလည်း ကြားလာရသည် ။
နောက်တနေ့  တွင် မစ္စက်ဒေဗီဆန်သည် နွမ်းနယ်နေသည် ။ မျက်နှာလည်းညှိးနေသည် ။ ခေါင်းကိုက်လို့ ပါဟုဆိုသည် ။ မျက်နှာမှာ အတော်လေးပင် အိုစာသွားသည် ။ သူ့ ယောကျာ်းသည် တညလုံး တမှေးမျှမအိပ် ။ အကြီးအကျယ် စိတ်လှုပ်ရှား နေသည် ။ မနက်ငါးနာရီတွင် အိပ်ရာထဲမှထကာ ထွက်သွားသည်ဟု ပြောပြသည် ။ မနေ့ ကမူ မစ္စသွမ်မဆန်`၏ အခန်းထဲသို့  ၀င်သွားသည့်အခါ သူ့ ယောကျာ်းမျက်နှာကို ဘီယာနှင့် ပက်လွတ်လိုက်ကြသည်ဟု ပြောပြသည်။ အောက်ထပ်က မိန်းမအကြောင်းပြောသည့်အခါ မစ္စက်ဒေဗီဆန်`၏ မျက်လုံးတစုံသည် ၀င်းဝင်းတောက်နေသည်ကို သတိထားမိသည် ။
“ မစ္စတာ ဒေဗီဆန်ကို စော်ကားလိုက်တာ တနေ့ သူနောင်တရမယ် ၊ မစ္စတာဒေဗီဆန်မှာ သည်းမခံနိုင်တဲ့ နှလုံးသားရှိတယ် ၊ ဒုက္ခရောက်တဲ့သူကို သူက နှစ်သိမ့်မှုပေးနိုင်တယ် ၊ ဒါပေမယ့် ဒုစရိုက်မှုကိုတော့ သူချမ်းသာမပေးတတ်ဘူး ၊ သူ့ ဘက်မ မှန်တယ်ထင်လာပြီဆိုယင်တော့ သူ့ ဒေါသဟာ သိပ်ကြောက်စရာကောင်းတယ် ”
“ ဘာလို့ လဲ ၊ သူဘာလုပ်မလဲ ”
“ သူဘာလုပ်မလဲ ကျွန်မမသိဘူး ၊ ဒါပေမယ့် သူ့ ကိုတော့ ကျွန်မကတ်သီးကတ်ဖဲ့ မလုပ်ရဲတာ အမှန်ပဲ ”
ထိုစကားကြောင့် မစ္စက်မက္ကဖိုင် တုန်လှုပ်သွားသည် ။ ထိုစကား အသွားအလားတွင် စောင့်ကြည့်နေပါ ၊ အကြောင်းသိလိမ့်မပေါ့ ဟူသော အောင်နိုင်သံပါသည်။ ထိုနေ့ မနက်ခင်းတွင် သူတို့ မိန်းမသားနှစ်ယောက် အပြင်သို့ ထွက်ရန် လှေကားမှ ဆင်းလာကြသည် ။ မစ္စသွမ်မဆန် `၏ အခန်းတံခါး ပွင့်နေသည် ။ မစ္စသွမ်မဆန်`၏ ခါးမှအ၀တ်သည် ညစ်ထေးထေး ဖြစ်သည်။ တစုံတခု ကြော်ချက်နေသည်ကို တွေ့ ရသည်။
“ မင်္ဂလာ နံနက်ပဲ ၊ ဘယ်လိုလဲ ၊ ခုမနက် မစ္စတာ ဒေဗီဆန် အတော်လေး အခြေအနေကောင်းသွားပြီ မဟုတ်လား ” မစ္စသွမ်မဆန်`၏အသံ ။
“ ဘာ ၊ ညည်းက ငါ့ကိုများ စကားပြောရဲသေးတယ် ၊ ညည်း ညည်း ငါ့ကို များ ထပ်ပြီးစော်ကား ယင်တော့လား ”
မစ္စက်ဒေဗီဆန်ကပြန် ၍ အော်သည် ။
“ အိုး ၊ ဒေဗီဆန်ကို ကျွန်မဆီလာလည်ဖို့ ဖိတ်ခေါ်နေတာမှ မဟုတ်ပဲ ”
“ သူနဲ့  ဖက်ပြီး ပြောမနေနဲ့  ” မစ္စက်မက္ကဖိုင်က တိုးတိုးသတိပေးလိုက်သည် ။
သူတို့ နှစ်ယောက် သား အမြန်ထွက်လာခဲ့ကြသည် ။
“ မိန်းမကိုက ၊ ဒီကောင်မ တော်တော့ကို မျက်နှာပြောင်တိုက်တဲ့ ကောင်မ ”
သူ့ အသံသည် ဒေါသကြောင့် တုန်နေသည်။ နောက်ပိုင်း တွင်မူအသံပင်မထွက်တော့ပဲ ဒေါသထဲတွင် နစ်မျောသွားသည် ။
အိမ်သို့ ပြန်လာကြသည့်အခါ ကမ်းစ၌ လျှောက်နေသော မစ္စသွမ်မဆန်ကို လှမ်းးမြင်ရသည် ။ အလှအပ အမွမ်းအမံအားလုံး သူ့ ကိုယ်၌ခြယ်မှုန်းထားသည် ။ ဦးထုပ်ဖြူကြီးထိပ်တွင် ပန်းများပန်ထားသေးသည် ။ သူတို့ ကိုမြင်သည့်အခါ ပြုံးပြုံးရွင်ရွင် အော်ဟစ် နှုတ်ဆက်သေးသည် ။သူတို့ မျက်နှာထား တင်းမာနေသည်ကို ဂရုပြုမိသည့် အနီးအပါးရှိ အမေရိကန် ရတပ်သားများသည် ပြုံးကြသည်။ အိမ်သို့ ပြန်ရောက်သည့် အခါမိုးလွတ်ရုံသာရှိသည် ။
“ ၀တ်ထားတဲ့ အ၀တ်နဲ့  မတန်လိုက်တာ ” မစ္စက်ဒေဗီဆန် မလိုတမာ ဖြစ်နေသည် ။
သူတို့ ထမင်းစားခါနီးလောက်မှ ဒေဗီဆန်ရောက်လာသည်။ အ၀တ်များစိုရွဲ နေသည်ကို မလဲ ။ စားပွဲတွင်ဝင်၍ ထိုင်သော်လည်း စကားမပြော ။ အစာလည်း ဟုတ္တိပတ္တိမစား ။ ပြင်ဘက်တွင် ရွာနေသော မိုးကိုသာ စိုက်ကြည့်နေသည်။ ဆေဒီနှင့် တွေ့ ခဲ့သည့်အကြာင်း သူ့ မိန်းမက ပြောသည်ကိုပင် ဘာမျှ ပြန်၍မပြော ။ မျက်မှောင်ကြီး ကုပ်နေသည်ကို ကြည့်ခြင်းအားဖြင့် သူ့ မိန်းမ ပြောသည့်စကားကို သူကြားသည်မှာကားသေချာသည်။
“ ဒီမိန်းမကို ဒီအိမ်က နှင်ထုတ်ခိုင်းဖို့  ဟွန်းကိုပြောပေါ့ ၊ ကျွန်မတို့ ကို ဆက်ပြီး စော်ကားနေဦးမယ် ”
“ ဒီမှာတော့ သူ့ အဖို့ တခြားသွားနေစရာ ရှိမှာမဟုတ်ဘူးဗျ ” မက္ကဖိုင်က ၀င်၍ ထောက်ခံလိုက်သည် ။
“ ကျွန်းသားတွေနဲ့  နေနိုင်တာပေါ့ ”
“ ဒီလိုရာသီမျိုးနဲ့ ကျွန်းသားတွေရဲ့ တဲငယ်လေးတွေမှာ ဘယ်လုံခြုံမလဲဗျာ ”
“ သူတို့ လို တဲတမျိုးမှာ ကျွန်တော် တနှစ်လောက် နေခဲ့ဖူးပါတယ် ” သည်အခါတွင်မှ ဒေဗီဆန် စကားစ၍ ပြောသည် ။ ထိုစဉ် တွင်ဟွန်းထံမှ ငှက်ပျောကြော် ပို့ ခိုင်းလိုက်သည့် မိန်းကလေးတယောက် ၀င်လာသည် ။
ဒေဗီဆန်က သူ့ အား …..
“ မစ္စသွမ်မဆန်နဲ့  ဘယ်အချိန် တွေ့ နိုင်မလဲလို့  မေးလိုက်စမ်းပါ ” ဟု ခိုင်းလိုက်သည်။ မိန်းကလေးသည် ခေါင်းညိတ်ကာ ခပ်မြန်မြန်ထွက်သွား သည်။
“ ဘာလို့ တွေ့ ချင်တာလဲ အဲလဖရက် ” သူ့ မိန်းမက မေးသည်။
“ သူနဲ့ တွေ့ ဖို့ ဟာ ငါ့မှာ ၀တ္တရားရှိတယ် ၊ သူ့ ကိုအချိန်ပေးချင်သေးတယ် ၊ ပြီးမှငါ လုပ်စရာရှိတာကို လုပ်မယ် ”
“ သူ့ အကြောင်း ရှင်မသိဘူးနော် ၊ ရှင့် ကိုထပ်ပြီးစော်ကားနေဦးမယ် ”
“ အိုကွယ် စော်ကားပါစေ ၊ ငါ့မျက်ခွက်ကို တံတွေးနဲ့ ထွေးဦးမလား ၊ သူ့ မှာ မကောင်းတဲ့ ၀ိညာဉ်းဆိုးတခု ကပ်နေတာကွယ့် ။ သူ့ ကိုငါကယ်တင်ရမယ် ”
မစ္စက်ဒေဗီဆန်`၏ နားထဲ၌ ကားမိန်းမပျက်`၏ မထိမဲ့မြင် ရယ်သံကိုသာ ကြားယောင်နေမီသည် ။
“ ဒီမိန်းမက ပြုပြင်လို့ ရတော့မှာ မဟုတ်ဘူးရှင့် ”
“ ဘုရားသခင့် ကရုဏာတော် ရှိပါသေးတယ် ကွယ် ” ဒေဗီဆန်`၏ မျက်လုံးများသည် အရည်လဲ့လာသည် ။သူ့ အသံသည်လည်းသာယာညင်းပျောင်း ဖြစ်လာသည် ။ “ ဘုရားသခင်ရဲ့  ကရုဏာတော်ဟာ လူမရွေးပါဘူး ၊ ဒုစရိုက်ပြုတဲ့သူ ရဲ့ ဒုစရိုက်တွေဟာ ငရဲရဲ့  ဟိုဘက်လွန်နေပေစေ ၊ တို့ ဘုရား သခင်ရဲ့ မေတ္တာတရားကတော့ သူတို့ ကိုလဲ ခွင့်လွတ်နိုင်ပါတယ် ”
စောစောက တက်လာသည့် မိန်းကလေးသည် ဆေဒီသွမ်မဆန် ထံမှ ပြန်ကြားချက်ကို လာ၍ သတင်းပို့ သည် ။
“ ကျေးဇူးတင်ပါတယ်တဲ့  ၊ ဘုန်းတော်ကြီး ဒေဗီဆန်ဟာ သူဆီကို အလုပ်အချိန်မှ အပ အချိန်မရွေး လာနိုင်ပါတယ်တဲ့ ”
ထိုစကားကို ကြားလျှင် အားလုံးပါးစပ်အဟောင်းသားဖြစ်သွားကြသည် ။ မက္ကဖိုင်မျက်နှာတွင် အပြုံးရိပ်သန်းလာသည် ။သို့ သော် ချက်ချင်းပင် မပြုံးမိအောင် မျက်နှာထားပြင်လိုက်သည် ။ ဆေဒီမျက်နှာ ပြောင်တိုက်ပုံမှာ ပြုံးစရာပင် ကောင်းသည်ဟုထင်သည် ။ သို့ သော် သူ့ သဘောထားကို သူ့ မိန်းမ ကြိုက်မည်မဟုတ် ။
သူတို့ သည် ထမင်းကို ဆက်၍ စားနေကြရသော်လည်း ပါးစပ်ကမူ တလုံးတပါဒမျှ မပြောကြတော့ ။ ပြီးလျှင် မိန်းမသားနှစ်ယောက် လုပ်စရာရှိသည်တို့ ကို လုပ်ရန် ထသွားသည် ။ မစ္စက်မက္ကဖိုင်ကား ထိုးလက်စ သိုးမွေးလည်ပတ်ကို ဆက်၍ ထိုးနေသည် ။ မက္ကဖိုင်သည် ဆေးတံကို မီးညှိလိုက်သည် ။ ဒေဗီဆန်သည် စားပွဲ၌ တည်တည်ကြီး ထိုင်နေသည် ။ သူ့ မျက်လုံးက စားပွဲကို စိုက်ကြည့်နေသော်လည်း စိတ်ကား ဘယ်ရောက်နေသည်မသိ ။ နောက်ဆု့းတါင် စကားးတခွန်းမျှ မပြောပဲ အခန်းထဲမှ ထွက်သွားသည် ။ ခဏကြာလျှင် အောက်ထပ်မှ တံခါးခေါက်သံ ။ “ ၀င်ခဲ့လေ ” ဟူသော ဆေဒီ`၏ အသံတို့ ကို ကြားလိုက်ရသည် ။
ဒေဗီဆန်သည် ဆေဒီအခန်းသို့ ရောက်နေသည်မှာ တနာရီခန့် ရှိသွားပြီ ။ မက္ကဖိုင်ကား မစဲနိုင်အောင် အငြိုးတကြီး ရွားချနေသော မိုးကိုသာ ကြည့်နေသည် ။ စိတ်ပျက်စရာ ကောင်းအောင် ရွာသည့်မိုး ။ အင်္ဂလန်မှာလို တစိမ့်စိမ့် မရွာ ။ အသနားအညှာတာကင်းသည့် မိုးဖြစ်နေပါကလား ။ ချောင်းပေါက်အောင်ပင် တဝေါဝေါ သွန်ချသည့်မိုးဖြစ်သည် ။ ကြောက်စရာ လန့် စရာ ။ ကမ္ဘာဦးတွင် ရွာသည့် ကမ္ဘာဖျက်မိုး ဆိုသည်မှာ သည်လိုမိုးမျိုးပင် ဖြစ်ဟန်တူသည်ဟု သူထင်လာသည်။ ကောင်းကင်ဘုံမှ မြေပြင်တပြင်လုံးရေလွမ်းအောင် သွန်ချလိုက်သည့်မိုးနှင့် တူနေသည်ဟုလည်း ထင်လာသည် ။ သွပ်မိုးပေါ်တွင် ရွာချသည့် တဖြောင်းဖြောင်း မြည်သံသည နားခံနိုင်စရာအကြောင်း မရှိ ။ ကြာသော် မိုးသံကြောင့် ရှုးချင်သလိုလိုပင် ဖြစ်လာသည် ။ စည်းတော့မည့်ပုံ မပေါ်လျှင် သွေးရှုးသွေးတန်း ဖြစ်ကာ သံကုန်ဟစ်၍ အော်ချင်စိတ် ပေါ်လာသည် ။ သည်မိုးကြောင့် သူ့ တကိုယ်လုံး နုံးခွေချည့်နဲ့ လာသည် ။ သူ့ ကိုမိုးက စိုးမိုးတားသည် ။ မိုးမင်းက သူ့ တကိုယ်လုံးကို လွမ်းမိုးထားသည် ။ ဒေဗီဆန် သည် ဖြုန်းကနဲ ရောက်လာသဖြင့် မက္ကဖိုင်ခေါင်းထောင် ကြည့်လိုက်သည် ။ သူ့ နည်းတူ မိန်းမသား နှစ်ယောက်တို့ သည်လည်း ပြိုင်တူ ခေါင်းထောင် လာကြသည် ။
“ ကျုပ်သူ့ ကို ရှိသမျှ အခွင့်အလမ်းပေးခဲ့ ပြီးပြီ ။ နောင်တရဖို့ လဲ တိုက်တွန်းခဲ့ပြီးပြီ ၊ ဒီမိန်းမဟာ မိန်းမဆိုးပဲ ” သူ့ မျက်နှာထားမှာ တင်းမာနေသည် ။
“ အခုတော့ ငွေချေးစားတဲ့ လူတွေကို ယေရှုသခင်က ကျာပွတ်နဲ့  ဆုံးမလွတ်သလို ဆုံးမဖို့ ပဲ ရှိတော့တယ် ”
ဒေဗီဆန်သည် အခန်းထဲတွင် ခေါက်တုံးခေါက်ပြန် လျှောက်နေသည် ။ မျက်နှာထားကား တင်းမာနေသည် ။ မျက်မှောင်ကုပ်ထားသဖြင့် မျက်ခုံးထူထူကြီး သည် ပို၍ထင်းလာသည် ။
“ ကျုပ်လက်က လွတ်အောင်ပြေးနိုင်ပြေးပေတော့ ”
ထိုသို့  ပြောကာ ချက်ချင်းပင် အောက်ထပ်သို့  ဆင်းသွားသည် ။
“ နေပါဦး ၊ သူ ဘာလုပ်မလို့ လဲ ”
မစ္စက်မက္ကဖိုင်က အလန့် တကြားမေးလိုက်သည် ။
“ ကျွန်မလဲ မသိဘူး ၊ ဘုရားသခင်ရဲ့ တာဝန်တွေကို ထမ်းဆောင်နေတဲ့ အခါမှာ သူ့ ကို ကျွန်မ ဘာမှ မေးမနေတော့ဘူး ”
ညှပ်မျက်မှန်ကို ပင့်တင်ယင်း မစ္စက်ဒေဗီဆန်က ဖြေလိုက်သည် ။ ထို့ နောက် သက်ပြင်းချသည် ။
“ ဘာဖြစ်သလဲ ”
“ ဒီအတိုင်းဆိုယင် သူ ဒုက္ခရောက်မှာပဲ ”
မက္ကဖိုင်သည် ဟွန်းမှတဆင့် ဒေဗီဆန် ဘာလုပ်သည်ကို သိပြီးဖြစ်သည် ။ ဟွန်းက သူ့ ကိုအပေါက်ဝ၌ ဤသို့ ပြောသည်။
“ ဘုန်းတော်ကြီး ဒေဗီဆန်က ဒီမိန်းမကို အိမ်ခန်းငှားရမလား လို့ ကျွန်တော်ကို ဆိုတယ် ၊ သူ့ အကြောင်း ကျွန်တော် ဘယ်သိမလဲ ခင်ဗျာ ၊ အခန်းငှားယင် ပိုက်ဆံပေးနိုင် မပေးနိုင် သိဖို့ ပဲ ၊ အခုဒီမိန်းမက တပတ်အတွက် အခန်းခ ပေးထားတယ် “
မက္ကဖိုင်သည် စကားမကျွံ မိစေရန် မနည်းသတိထား ပြောရသည် ။
“ ဒါတော့ဗျာ ၊ ပြီးပြီးသားတွေပဲ ၊ အိမ်က ခင်ဗျားအိမ် မဟုတ်လား ၊ ကျွန်တော်တို့ ကို ငှားတဲ့ အတွက်တော့ ကျေးဇူးတင်ပါတယ် ”
ဟွန်းသည် ထိုစကားကြောင့် ဇဝေဇ၀ါ ဖြစ်သွားသည် ။
“ နေပါဦး ၊ သူက မိန်းမကို မောင်းထုတ်ဖို့ ပြောသလား ”
“ ဒီလိုတော့ မပြောဘူး ၊ ကောင်းကောင်းမွန်မွန် နေယင် တော်ပြီတဲ့ ၊ ဒါနဲ့ ဒီမိန်းမဆီကို ဧည့်သည် မလားစေရပါဘူးလို့  ကတိပေးလိုက်ရတယ် ၊ ခုပဲ ဒီအကြောင်းသူ့ ကို ပြောလိုက်တယ် ”
”ဒီတော့ မစ္စသွမ်မဆန်က ဘာပြောသလဲ ”
“ အို ကျွန်တော်ကို အော်ဟစ်လွတ်တာပေါ့ ”
“ သူသွားမှာပါဗျား ၊ ဧည့်သည်လက်မခံရယင် သူနေမှာ မဟုတ်ပါဘူး ”
“ မဟုတ်ဘူးခင်ဗျာ ၊ သူ့ ကိုအခု ဘယ်သူကမှ လက်မခံရဲတော့ဘူး ၊ သူ့ အရေးအခင်းထဲ သာသနာပြုတွေ ၀င်နေပြီဆိုတာ အားလုံးသိနေကြပြီ ”
မက္ကဖိုင်သည် မစည်းနိုင်သော မိုးကိုသာ ကြည့်နေလိုက်သည် ။
ညပိုင်းတွင်ဧည့်ခန်း၌ ဆုံမိကြသည့်အခါ ဒေဗီိဆန်က သူ`၏ ကောလိပ်ကျောင်းသား ဘ၀ ကို ဇာတ် ကြောင်းပြန်သည် ။ အောက်ထပ်တွင် ငြိမ်သက်နေသည် ခဏကြာလျှင်ဓာတ် ဆက် သံ ကြားရသည်။ တကိုယ်တည်းနေရသည်မှာ ငြီးငွေ့ နေသည်မို့  တမင်သက်သက်ဖွင့်ခြင်းဖြစ်သည် မှာထင်ရှားသည် ။ တေးသံကား လွမ်းစရာ ကောင်းသည် ။ အဖော်ကင်းနေသဖြင့် ဖေးကူလှည့်ပါဟု ခေါ်သယောင်ယောင် ။ ဒေဗီဆန်ကား ဓာတ်စက်သံကို ဂရုမစိုက် ။ သူ့ အကြောင်းကိုသာ ဆက်၍ပြောနေသည် ။ ဓာတ်စက်သံသည် ဆက်၍ ဆက်၍ ပေါ်လာသည် ။ ည`၏ တိတ်ဆိတ်ခြင်းက သူ့ ကိုခြောက်လှန့် နေဟန် တူသည် ။ ဟုတ်သည် ။ အသက်ရှုလို့ မရ ။ စပ်ပူစပ်လောင် ရာသီဥတု ဖြစ်သည်မဟုတ်လား ။ အိပ်ရာထဲသို့  ၀င်ခဲ့ရသည့်တိုင် မက္ကဖိုင်တို့  လင်မယားမှာ အိပ်၍မရ ။ ခြင်ထောင်ပြင်ဘက်တွင် တ၀ီဝီ အော်နေကြသည့် ခြင်သံကို နားထောင်ကာ မျက်လုံးမျယ်နေကြသည် ။
“ ဟော ဘာသံလဲ ” မစ္စက်မက္ကဖိုင် `၏ အသံတိုးတိုး ။
သစ်သားထရံ ဟိုဘက်မှ ဒေဗီဆန်`၏ အသံကို ကြားရသည် ။ ဒေဗီဆန်သည် ဆေဒီသွမ်မဆန် အတွက် စိတ်ပါလက်ပါ ဘုရားသခင်ထံ ရှိခိုး ဆုတောင်းနေသည် ။
ဤသို့ ဖြင့် သုံးလေးရက် ရှိလာသည် ။ လမ်းတွင် ဆေဒီနှင့် တွေ့ သည့်အခါ ယခင်ကလို အားတက်သရာ နှုတ်ဆက်ခြင်း မျိုးမတွေ့ ရ ။ သူ တို့ ကိုမမြင်ချင်ယောင် ဆောင်သွားသည် ။ ဆေဒီသည် တခြားအိမ်ခန်းလွတ်ရှာသည် ။ သို့ သော် မတွေ့ ဟု ဟွန်းခံမှ သတင်းစကား ကြားရသည် ။ညဘက်တွင် ဓာတ်စက်ဖွင့်သံကိုသာ မပြတ်ကြားရသည် ။ သို့ သော်လည်း ဟန်ဆောင်နေရသည်မှာ သိသာသည် ။ တနင်္ဂနွေနေ့ ၌ သီချင်းသံ ကြားရသည့်အခါ ဒေဗီဆန်က ဟွန်းမှတဆင့် ဓာတ်စက် မဖွင့်ရန် တားမြစ်လိုက်သည် ။ တနင်္ဂနွေနေ့ သည် ဘုရားသခင်`၏ နေ့ ဖြစ်သည် မဟုတ်လား ။ ထိုအခါ ဓာတ်စက်သံ မကြားရတော့ ။ တအိမ်လုံး တိတ်နေသည် ။သွပ်မိုးထက်သို့ ကျလာသော မိုးပေါက်သံသာ ကြီးစိုးနေသည် ။
“ သူ့ ခေါင်းထဲ နည်းနည်း ရှုပ်လာပြီနဲ့ တူတယ်ဗျ ၊ မစ္စတာဒေဗီဆန် ရဲ့ သဘောကို သူနားမလည်နိုင်ဘူးနဲ့ တူတယ် ၊ အခုတော့ နည်းနည်း ရွံ့ လာသလိုလိုပဲ ” ဤစကားကို နောက်တနေ့ တွင် ဟွန်းထံမှ မက္ကဖိုင်ကြား ရသည် ။
ထိုစကား မှန်သင့်သလောက်မှန်သည် ။ ထိုနေ့ မနက်တွင် ဆေဒီကို တွေ့ သည့်အခါ ကြွကြွရွ ရွ အမူအရာမျိုး မရှိတော့ ။ ဆေဒီမျက်နှာတွင် ချောက်ချားနေသည့် အရိပ်အရောင်တို့ ယှက်သန်းနေသည် ။
“ မစ္စတာ ဒေဗီဆန် ဘာတွေများ လုပ်နေသလဲ ၊ ခင်ဗျားလဲ မသိဘူး ထင်ပါရဲ့ ” မက္ကဖိုင်ကို ဟွန်းက သွေးတိုးစမ်းကြည့်သည် ။
“ ဟင့်အင်း ၊ ကျွန်တော်လဲ မသိဘူး ”
တကယ်ပင် မက္ကဖိုင်ကိုယ်တိုင်လည်း ဒေဗီဆန် ဘာများ ကြံစည်စိတ်ကူး နေသည်ကို မသိ ။ တခုတော့ သူ့ စိတ်တွင် ထင်နေသည် ။ ယင်းမှာ ဒေဗီဆန်သည် ဆေဒီကို အမိဖမ်းရန် အကွက်ဆင်နေသည် ။အကွက်မိလျှင် ချက်ကနဲ တွယ်လိုက်မည်ပင် ဖြစ်သည် ။
“ ကျွန်တော်က တဆင့် ဆေဒီကို ပြောခိုင်းတယ်ခင်ဗျာ ၊ အဲဒါက တော့သူ့ ကို အလိုရှိယင် အချိန်မရွေး ခေါ်ခိုင်းပါတဲ့ ”
“ ဒီတော့ အမျိုးသမီးက ဘာပြန်ပြောသလဲ ”
“ ဘာမှ မပြောဘူး ၊ ကျွန်တော်သူ့ ကို မတားပါဘူး ၊ အမျိုးသမီး ကတော့ငိုတော့မလိုပဲခင်ဗျ ”
“ အေးဗျာ ၊ ဒီမိန်းမကတော့ တယောက်တည်း ချောက်ချားနေမှာပဲ ၊ ပြီးတော့ ဒီမိုးကလဲဗျာ ၊ စည်းမစည်း နိုင်ဘူး ၊ ဒီလိုရွာနေပုံနဲ့ တော့ စိတ်ညစ်စရာပဲ ၊ ခင်ဗျားတို့ ဒေသမှာ ဒီလိုပဲ ရွာနေတော့တာပဲလား ”
“ အခုလို မိုးရာသီမှာတော့ မှန်မှန်ရွာနေတာပဲ ၊ တနှစ်မှာ မိုးရေချိန် လက်မသုံးရာရွာတယ် ။ ပင်လယ်အော် အနေအထားကို ကြည့်ပါလား ၊ ပစိဖိတ်ဒေသ တခုလုံးမှာရှိတဲ့ မိုးကိုဖိတ်ခေါ်နေတာဗျ ”
“ စောက်ကျိုးနည်း အနေအထား ပါလားဗျ ”
မက္ကဖိုင်သည် ခြင်ပိန့် များကို ကုပ်နေသည် ........
ဆက်လက်ဖော် ပြပါမည်
ု
0 comments:
Post a Comment